ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၀ ရက်

 

ရန်ကုန်မြို့တွင် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအတုအတွက် မဲဆွယ်စည်းရုံးသည့် ပါတီနှစ်ခုအနက် ဗိုလ်ချုပ်များဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ထက် ဒေါက်တာသက်သက်ခိုင် တည်ထောင်သည့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) က မဲဆွယ်လှုပ်ရှားမှု ပိုများနေကြောင်း ရန်ကုန်မြို့ခံပြည်သူများထံမှ သိရသည်။

 

ယခုရက်ပိုင်းအတွင်း PPP မှ လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် ရွေးကောက်ပွဲတွင် ပါဝင်သည့် မြို့နယ်များသို့ ရဲများခြံရံလျက် သွားရောက်ကာ မိတ်ဆက်ပြောကြားမှု၊ အင်္ကျီ၊ ဦးထုပ်၊ ရေသန့်ဗူးအသေးများ လက်ဆောင်ပေးခြင်းတို့ကို လုပ်ဆောင်နေကြောင်း သိရသည်။

“ဒီရက်ပိုင်းပဲ လသာမြို့နယ်ထဲကို PPP ပါတီက စည်းရုံးရေးဆင်းတယ်။ နယ်မြေခံရဲတွေနဲ့ပါ။ ရဲဝတ်စုံဝတ်ထားသူရော၊ ဝတ်စုံ မဝတ်ထားသူတွေရော ပါတယ်။ ကိုယ်စားလှယ်နာမည်တောင် မသိလိုက်ဘူး။ သူ့ကိုသူ ဒေါက်တာသက်သက်ခိုင်ပါတီ ဆိုပြီး မိတ်ဆက်သွားတာပဲ” ဟု လသာမြို့နယ်တွင်နေထိုင်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

စစ်ကော်မရှင်က မဲဆွယ်စည်းရုံးရေးများ လုပ်ဆောင်ခွင့်ပြုသည့် အချိန်မှစတင်၍ USDP ပါတီထက် PPP ပါတီ ကိုယ်စားလှယ်လောင်းများက ကြေညာချက်ဆိုင်းပုတ်များစွာ စိုက်ထူထားကြောင်း ရန်ကုန်မြို့ခံများထံမှ သိရသည်။

PPP ပါတီ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာသက်သက်ခိုင်သည် ငွေကြေးကိစ္စအရှုပ်အရှင်းများ ရှိသောကြောင့် ကိုယ်စားလှယ်လောင်းစာရင်းမှ ပယ်ဖျက်ခံထားရပြီး စစ်ကော်မရှင်၏ ရွေးကောက်ပွဲတွင် ဝင်ပြိုင်ခွင့်မရှိ ပေ။

 

ကြံ့ခိုင်ရေးပါတီ (USDP) သည် ရန်ကုန်မြို့အတွင်း လှုပ်ရှားမှုနည်းပါးသော်လည်း နေပြည်တော်၊ ပြင်ဦးလွင်၊ ပေါက်ခေါင်း၊ အောင်လံမြို့များ အပါအဝင် စစ်တပ်ထွက်ဗိုလ်ချုပ်များ ဝင်ပြိုင်မည့် မြို့နယ်များ တွင်မူ လှုပ်ရှားမှု အားကောင်းလျက်ရှိသည်။

 

ဓာတ်ပုံ – ppp၊ ဧရာဝတီတိုင်းမ်