(ဟားခါး)၊ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၀ ရက်
ချင်းပြည်နယ် ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်၊ ထန်တလန်လမ်းခွဲတွင် အရပ်ဝတ်ဖြင့် ပြည်သူထံမှ ငွေကောက်ခံနေသည့် ယာဥ်ထိန်းရဲ လေးဦး ပစ်ခတ်ခံရပြီး တစ်ဦး သေဆုံးကာ အရပ်သား လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်၊ ထန်တလန်လမ်းခွဲတွင် အရပ်ဝတ်ဖြင့် ပြည်သူထံမှ ငွေကောက်ခံနေသည့် ယာဥ်ထိန်းရဲကို ယမန်နေ့ နိုဝင်ဘာလ ၉ ရက်နေ့၊ မနက် ၇ နာရီအချိန်တွင် CDF-Hakha မှ ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
“ထန်တလန်လမ်းခွဲမှာ ခရိုင်နယ်ထိန်းရဲ လေးယောက် အရပ်ဝတ်နဲ့ ပြည်သူကို နှိပ်စက် ငွေကြေးကောက်ခံတဲ့ သူတွေကို ပြောက်ကျားစနစ်နဲ့ ပစ်တာပါ။ လေးယောက်ထဲမှာ တစ်ယောက်သေတယ်။ ပစ်ခတ်မှု နှစ်မိနစ်လောက်ပဲ ကြာပါတယ်”ဟု ဟားခါးမြို့ခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ ပစ်ခတ်မှုဖြစ်ပွားနောက် စစ်ကော်မရှင် တပ်ဖွဲ့ဝင်အများပြားရောက်ရှိလာကာ အနီးအနားဝန်းကျင်ကို သေနတ်ဖြင့် ရမ်းသန်းပစ်ခတ်သည့်အတွက် ပြည်သူ လေးဦး ဒဏ်ရာရရှိပြီး လူနေအိမ်တစ်လုံး မီးလောင်ခဲ့ကြောင်း သိရသည်။
“ပစ်ခတ်မှုပြီးတဲ့နောက်ပိုင်းမှာ စစ်ကော်မရှင် တပ်ဖွဲ့ဝင်တွေ ရောက်လာပြီး သေနတ်နဲ့ ရမ်းကားပစ်လို့ ပြည်သူလေးယောက် ဒဏ်ရာရတယ်။ ပြည်သူအိမ် တစ်အိမ် မီးလောင်တယ်”ဟု ဟားခါးမြို့ခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိုပစ်ခတ်မှုနှင့်ပတ်သက်၍ CDF-Hakha က တစ်စုံတစ်ရာထုတ်ပြန်ထားခြင်းမရှိသလို ဧရာဝတီတိုင်းမ်က ဆက်သွယ်မေးမြန်းထားသော်လည်း လက်ခံဖြေကြားခဲ့ခြင်းမရှိသေးပေ။
ဟားခါးမြို့တွင် လာမည့် ဒီဇင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲ နီးလာသည့်နှင့်အမျှ စစ်ကော်မရှင်က လုံခြုံရေးတင်းကျပ်ထားသလို မြို့အနီးနားကျေးရွာများကိုလည်း မကြာခဏဆိုသလို ကင်းလှည့်ခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။
ထို့အပြင် CDF-Hakha ကလည်း ရွေးကောက်ပွဲ ကာလ ဟားခါးမြို့တွင် ၃ လကျော်ကြာထိ ပြည်သူများ ညမထွက်ရန် ဒေသန္တရအမိန့် ထုတ်ပြန်ထားပြီး စစ်ကော်မရှင်တပ်နှင့် ထိတွေတိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။