ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၀ရက်
စစ်ဆင်ရေး တစ်နှစ်ပြည့်တော့မည့် အချိန်ထိ ဗန်းမော်တိုက်ပွဲမှာ ပြင်းထန်နေပြီး စစ်ကော်မရှင်က လေကြောင်းနှင့် နည်းပညာကို အားထားပြီး တိုက်ခိုက်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်း နိုဝင်ဘာ ၈ရက်နေ့တွင် မြစ်ကြီးနားမှတက်လာသည့် စစ်ကော်မရှင်၏ ဂျက်ဖိုက်တာ နှစ်စင်းဖြင့် ဗန်းမော်မြို့ တိုက်ပွဲပြင်းထန်ရာ နေရာများကို လေကြောင်းမှ သုံးကြိမ်ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။
နေ့လယ် ၁၂နာရီ ၄၉မိနစ်မှစ၍ နေ့လယ် ၁နာရီကျော်အထိ ဂျက်ဖိုက်တာ နှစ်စင်းဖြင့် လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုကို စောင့်ကြည့်နေသူများထံမှ သိရသည်။
”KIAတပ်တွေက စစ်တပ်ရဲ့ စခန်းနှစ်ခုကို အခုရက်ပိုင်းသိမ်းလိုက်တယ်လို့တော့ သတင်းထွက် နေပါတယ်။ အတိအကျတော့ မပြောနိုင်ဘူးပေါ့။ ဒါပေမယ့် သူတို့ဘက်က လေကြောင်းပစ်ကူ ဆက်တိုက် တက်လာတယ်ဆိုတော့ ဖြစ်နိုင်ပါတယ်။ မြေပြင်ထောက်ပို့လမ်းကြောင်းလည်း ပိတ်ခံ ထားရလို့ လေကြောင်းထောက်ပို့သုံးနေရတယ်” ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် နိုဝင်ဘာ ၈ရက် နံနက်ပိုင်းကလည်း မိတ္ထီလာမှတက်လာသည့် Y-8 လေယာဉ်ဖြင့် ခဲယမ်း၊ လက်နက်နှင့် ရိက္ခာများကို ဗန်းမော်မြို့ရှိ စစ်ကော်မရှင်တပ်စွဲရာ နေရာများကို ထောက်ပို့ခဲ့ကြောင်း သိရသည်။
စစ်ကော်မရှင်သည် ခလရ ၄၇ သို့သွားရာလမ်းတလျှောက်ကို စစ်ကြောင်းထိုးနေသည့်အတွက် ၎င်းနေရာတဝိုက်တွင် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလျက်ရှိပြီး ဗန်းမော်တက္ကသိုလ်၀င်းနှင့် ၃မိုင်တွင်လည်း စစ်ကော်မရှင်တပ်များ တပ်ဖြန့်လာသည့်အတွက် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်း သိရသည်။
စစ်ကော်မရှင်က လက်နက်ကြီးပစ်ကူအပြင် ဒရုန်းနည်းပညာဖြင့် တိုက်ပွဲကိုဖော်ဆောင်နေသော်လည်း တပ်ဖွဲ့ဝင်များ သေဆုံးမှုများနေသဖြင့် လေကြောင်းပစ်ကူပါ ဆက်တိုက်ခေါ်နေရကြောင်း သိရသည်။
ပုံစာ-လေကြောင်းတိုက်ခိုက်မှုများတွင် အဓိကအသုံးပြုနေသော စစ်ကော်မရှင်၏ ရုရှားထုတ်တိုက် လေယာဥ်များ (ပုံဟောင်း)