ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၀ ရက်

 

မြန်မာ – ထိုင်းနယ်စပ် မြဝတီ- မဲ့ထော်သလေး KK Park နယ်မြေအတွင်းရှိ ကျားဖြန့် (အွန်လိုင်း လောင်းကစား) နှင့် ဆက်စပ်နေသည့် အဆောက်အအုံပေါင်း ၁၅၀ ကျော်ကို ဖြိုဖျက်ရှင်းလင်းပြီး ဖြစ်ကြောင်း ယနေ့ နိုဝင်ဘာ ၁၀ ရက်နေ့ထုတ် စစ်ကော်မရှင်၏ ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြထားသည်။

 

အဆိုပါနယ်မြေအတွင်း လူနေအဆောက်အအုံများ၊ ဈေးဆိုင်၊ စားသောက်ဆိုင်၊ ဂိုဒေါင်၊ ဟိုတယ်၊ GYM အားကစားခန်းမ၊ KTV၊ SPA၊ ဆေးရုံ၊ ပန်းခြံ၊ အားကစားရုံ၊ ဖူဆယ်ကွင်း၊ ပိုက်ကျော် ခြင်းကွင်း၊ ဘတ်စကက်ဘောကွင်းများပါဝင်ကာ မြို့ငယ်တစ်မြို့နယ်ကဲ့သို့ တည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အွန်လိုင်းအလောင်းကစားရုံများနှင့် လိမ်ညာမှုကျူးလွန်သူများ၏ ၉၀ ရာခိုင်နှုန်းကျော်သည် ထိုင်းနိုင်ငံကတစ်ဆင့်ခံပြီး နယ်စပ်ဖြတ်ကျော်ရှိလာခြင်းဖြစ်ကြောင်း စစ်ကော်မရှင်က ထိုင်းနိုင်ငံအား ဝေဖန် အပြစ်တင်ထားသည်။

 

“မြဝတီမှာ လောင်းကစားရုံတွေဖမ်းမယ်လုပ်တော့ မန္တလေးပြန်လာတယ်။ တရုတ်စာတတ်တော့ အဲဒီမှာစကားပြန်လုပ်တယ်။ တရားမဝင်တဲ့အလုပ်တွေလုပ်ခဲ့တာဆိုတော့ အခုတော့တရားဝင် အလုပ် လုပ်ဖို့ အလုပ်ရှာနေတယ်” ဟု မြဝတီမှပြန်လာသူ အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်

အဆိုပါ KK park နယ်မြေကို စစ်ကော်မရှင်ကခွင့်ပြုထားခြင်းမရှိဘဲ အဓိကဦးဆောင်နေသူများမှာ နိုင်ငံခြားသားများဖြစ်ကြပြီး နယ်မြေကိုထိန်းချုပ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အပေးအယူများလုပ်၍ တရားမဝင် ဝင်ရောက်လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း စစ်ကော်မရှင်က ဆိုထားသည်။

 

ယခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၁၀၇၆၂ ဦးရှိကာ ယင်းတို့အနက်မှ ၉၄၀၃ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ပြည်နှင်လွှဲပြောင်းပေးပြီဖြစ်သည်။ ကျန်ရှိသည့်ပြည်ပနိုင်ငံသား ၁၃၅၉ ဦးကိုလည်း သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း စစ်ကော်မရှင်က ထုတ်ပြန်သည်။

 

ဓာတ်ပုံ – စစ်ကော်မရှင် ၊ လူမှုကွန်ရက်