ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၀ ရက်

 

ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျောက်ဖရားဆည် ရေထုတ်လွှတ်မှု တိုးမြှင့်ထားသည့်အတွက် အယုဒ္ဓယခရိုင်တစ်ဝန်း ရေကြီးရေလျှံမှုဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

 

ဆည်မှ ရေထုတ်လွှတ်မှုကြောင့် အယုဒ္ဓယမြို့၏ သမိုင်းဝင်မြို့ရိုးကျုံးမှတစ်ဆင့် မြို့တွင်းသို့ ရေဝင် ရောက်ခဲ့ပြီး လူနေရပ်ကွက်များအတွင်းတွင်ပါ ရေကြီးရေလျှံမှုများဖြစ်ပွားနေကြောင်းလည်း သိရသည်။

ထို့ပြင် ရေကြီးရေလျှံမှုကြောင် အယုဒ္ဓယခရိုင်အတွင်း မြို့နယ် ၁၁ ခုရှိ အိမ်ထောင်စုပေါင်း ၅၈၄၇၇ စုမှာ ရေဘေးသင့်ခဲ့ရပြီး လူပေါင်း ၁၄ ဦးအထိသေဆုံးခဲ့ရကြောင်း ထိုင်းသဘာဝဘေးအန္တရာယ် ကာကွယ်ရေး နှင့် လျော့ကျရေးဌာနက ထုတ်ပြန်ထားသည်။

 

ထိုင်းတော်ဝင်ဆည်မြောင်းဌာနသည် ဆည်ရေထုတ်လွှတ်မှုကို ထပ်မံမြှင့်တင်ထားသည့်အတွက် ယနေ့ နိုဝင်ဘာ ၁၀ ရက်နေ့တွင်လည်း ရေများဆက်လက်မြင့်တက်နေ‌သည့်အတွက် အခြေအနေများ ဆက်လက် ဆိုးရွာလျက်ရှိကြောင်းလည်း သိရသည်။

 

ထိုင်းမိုးလေဝသဌာနမှ ခရိုင် ၃၁ ခုတွင်မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းမည်ဖြစ်ကြောင်း သတိပေး ထုတ်ပြန်ထားပြီး မိုးကြိုးမုန်တိုင်းများ၏ အန္တရာယ်ရှိကြောင်းလည်း ထပ်မံသတိပေး ထုတ်ပြန် ထားသည်။

 

ကိုးကား – Khaosod