ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၉ ရက်

စစ်ကော်မရှင်က လက်အောက်ခံ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၏ ကြိုတင်မဲများရယူရန် သက်ဆိုင်ရာ မြို့နယ်များတွင် မဖြစ်မနေ မဲစာရင်းစစ်ရန် ဖိအားပေး ခိုင်းစေနေကြောင်း သိရသည်။

ကြိုတင်မဲယူရန်နှင့် မဖြစ်မနေ မဲပေးရေးအတွက် နာမည်စာရင်းများ မဲစာရင်းတွင် ပါဝင်ခြင်းရှိ¸မရှိကို စစ်ဆေးရန် စစ်ကော်မရှင်က ဝန်ထမ်းများအား ဖိအားပေးလာကြောင်း ဝန်ထမ်းတစ်ဦးက ပြောသည်။

“ဝန်ထမ်းတွေကို ရုံးအထက်လူကြီးကနေ မဲစာရင်းအတင်းစစ်ခိုင်းနေတာ။ စစ်ပြီးကြောင်းကိုလည်း ဖုန်းနဲ့ ဓာတ်ပုံရိုက်လာခိုင်းတယ်။ မဲစာရင်းစစ်ဆိုလို့ သွားသာစစ်ရတယ်။
ကပေါက်တိကပေါက်ချာ အကုန်လုပ်ထားတော့ ကိုယ့်အိမ်ထောင်စုစာရင်းကို ဘယ်လိုရှာရမှန်းတောင်မသိဘူး။ ရုံးကလူတွေလည်း မကူညီနိုင်ဘူး။ မဲစာရင်းထဲနာမည်မပါလာရင် အဖမ်းခံရမယ့်ပုံစံတောင် ခြိမ်းခြောက်ထားတယ်”ဟု ဌာနဆိုင်ရာအမည်မဖော်လိုသည့် ရုံးဝန်ထမ်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မဲစာရင်း သွားရောက်စစ်ဆေးခြင်း ရှိမရှိကို ဓာတ်ပုံရိုက် သက်သေတင်ပြရပြီး မဲစာရင်းမပါလာပါကလည်း သက်ဆိုင်ရာနယ်မြေကို အသိပေးရန် အတင်း အကျပ် စေခိုင်းမှုများရှိကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၄ ရက်နေ့မှစတင်ကာ ဝန်ထမ်းများအားနေထိုင်ရာ နယ်မြေရုံးများတွင် မဲစာရင်းသွားရောက်စစ်ဆေးပြီး ဝန်ထမ်းအိမ်ရာများတွင် နေထိုင်သည့် ဝန်ထမ်းများကိုလည်း ၎င်းတို့ယခင်နေထိုင်ခဲ့သည့် နယ်မြေများ၌ သွားရောက်၍ မဲစာရင်းစစ်ဆေးခိုင်းသည်ဟု ဆိုသည်။

မဲပေးရန်စာရင်းပါ၊ မပါကို သွားရောက်စစ်ဆေးရာတွင်လည်း မဲစာရင်းကို စနစ်တကျပြုလုပ်ထားခြင်းမရှိသည့်အတွက် ဝန်ထမ်းများမှာ စိစစ်ရန်ခက်ခဲနေပြီး ဌာနဆိုင်ရာမှ ဖိအားပေးခိုင်းစေသည့်အတွက် စိတ်ဖိစီးမှုများ ရှိနေကြောင်း ဝန်ထမ်းများက ဆိုသည်။

စစ်ကော်မရှင်က လာမည့်ဒီဇင်ဘာ ၂၈ ရက်နေ့တွင် တရားမဝင်ရွေးကောက်ပွဲကို ကျင်းပမည်ဖြစ်ပြီး နယ် မြေစိုးမိုးမှု မရရှိသေးသည့် ဒေသများမှလွဲ၍ ကျန်တိုင်းနှင့်ပြည်နယ်များကို အပိုင်းလိုက်ခွဲကာ ကျင်းပမည်ဟု ထုတ်ပြန်လာသည်။

နယ်မြေစိုးမိုးမှု မရနိုင်သေးဘဲ ရွေးကောက်ပွဲကျင်းပမည့်စာရင်းတွင် ထည့်သွင်းထားသည့်နယ်မြေများကို စစ်ကော်မရှင်က ယခုရက်ပိုင်းတွင် စစ်ကြောင်းထိုးခြင်းနှင့် လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခြင်းများ ဆက်တိုက်ပြုလုပ်လာသည်။

ထို့အပြင် ယခုပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲကို ဝေဖန်သည့် ပြည်သူများနှင့် ရွေး ကောက်ပွဲလှုံ့ဆော်သည့် ဇာတ်လမ်းတိုကို ဝေဖန်ခြင်းပြုလုပ်သည့် ပို့စ်အောက်တွင် Like ၊ React များပေးသည့်သူများကိုပါ ဖမ်းဆီးတရားစွဲထားရာ ပြည်သူ ၉၀ ကျော်အထိ ဖမ်းဆီးခံထားရပြီဖြစ်ကြောင်း သိရသည်။