နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၉ ရက်
လက်ရှိအသုံးပြုလျက်ရှိသော လေယာဉ်၊ ရဟတ်ယာဉ် ငါးစင်းကို စစ်ကော်မရှင်က နေပြည်တော်တွင် စောလျင်စွာ ထုတ်ပြန်၍ တပ်တော်ဝင်ခဲ့ကြောင်း လေတပ် CDM အရာရှိများ၏ ပြောပြချက်အရ သိရသည်။
စစ်ကော်မရှင်သည် ထိုတပ်တော်ဝင်ခြင်း အခမ်းအနားကို ပုံမှန်အားဖြင့် လေတပ်နှစ်ပတ်လည်နေ့တွင်သာ ပြုလုပ်လေ့ရှိသော်လည်း နိုဝင်ဘာ ၇ ရက်တွင် နေပြည်တော်ရှိ လေတပ်စခန်းဌာနချုပ်၌ ပြုလုပ်၍ စစ်ဘက်သုံး သယ်ယူပို့ဆောင်ရေး လေယာဉ်နှင့် ရဟတ်ယာဉ်များ တပ်တော်ဝင်ခဲ့ခြင်းဖြစ်သည်။

“အဓိကကတော့ ရုရှားက ဝယ်ထားတဲ့ Mi 38 သုံးစီးနဲ့ တရုတ်က ဝယ်ထားတဲ့ ၂၀၂၅ ထဲမှာမှ ရောက်ထားတဲ့ Y8 နှစ်စီးကိုပဲ တပ်တော်ဝင်သွားတာပါ။ ရွေးကောက်ပွဲကြောင့်သာ အခုလို စောလုပ်သွားတယ်လို့ ထင်မိပါတယ်” ဟု လေတပ် CDM တပ်ကြပ်ကြီးဇေယျက ဧရာဝတီတိုင်းမ်ကို သုံးသပ်ပြောသည်။
ယင်းအပြင် လေတပ်၏ နှစ်ပတ်လည်နေ့ကိုလည်း နှစ်စဉ် ဒီဇင်ဘာ ၁၅ ရက်၌ “ရှမ်းတဲလေတပ်”ဟု ခေါ်ဆိုသော မိတ္ထီလာတပ်နယ်ရှိ လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်တွင်သာ ပုံမှန်ပြုလုပ်သလို ယခုတပ်တော်ဝင်မှုသည် စစ်ရေး အားဖြည့်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
အဆိုပါ လေယာဉ်နှင့် ရဟတ်ယာဉ် ငါးစီးမှာ တရုတ်နိုင်ငံထုတ် Shaanxi (စန်းရှီ) Y-8 F-200W အမြီးနံပါတ် 5923 နှင့် 5924 သယ်ယူပို့ဆောင်ရေးလေယာဉ် နှစ်စင်း၊ ရုရှားနိုင်ငံထုတ် ဘက်စုံသုံး Mi 38 ရဟတ်ယာဉ် သုံးစီးတို့ဖြစ်ပြီး ယင်းအနက် Y-8 သည် ယခုနှစ်အတွင်းမှ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် စစ်ခေါင်းဆောင်နှင့် ၎င်းမိသားစု ခရီးသွားလျှင် အသုံးပြုနေသည့် နယ်သာလန် နိုင်ငံထုတ် Fokker 70 အထူးလေယာဉ်နှင့် Airbus အမျိုးအစား A319-115 (MSN 5193) အထူးလေယာဉ်အပါအဝင် ချက်နိုင်ငံထုတ် L410 ဟုခေါ်သော အပေါ့စားလေယာဉ်များလည်း ဝယ်ယူထားကြောင်း သိရသည်။
စစ်ကော်မရှင်သည် Y-8 လေယာဉ်များကို ဝယ်ယူမှုမှာ ၁၀ စီးအထိ ရှိလာပြီး ထိုအနက်မှ လက်ရှိတပ်တော်ဝင် လေယာဉ်အပါအဝင် Y-8 လေးစီးနှင့် Mi 38 သုံးစီးအား အာဏာသိမ်းပြီးနောက် ဝယ်ယူ၍ ယခုကျမှ တပ်တော်ဝင်ခြင်းဖြစ်ကြောင်း လေတပ် CDM အရာရှိတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယင်း Y-8 လေယာဉ်များမှာလည်း D2 အမျိုးအစားဖြစ်သော မော်ဒယ်လ်အဟောင်း လေးစင်း (အမြီးနံပါတ် 5815၊ 5816၊ 5817၊ 5818) နှင့် မော်ဒယ်လ်မြင့်ဖြစ်သည့် F-200W (အမြီးနံပါတ် 5819၊ 5820၊ 5821၊ 5922၊ 5923၊ 5924) ခြောက်စီးတို့ဖြစ်ပြီး 5820၊ 5821 သည် ပျက်ကျဆုံးရှုံးခဲ့ကြောင်း သိရသည်။
ထို့အတူ Y-8 (အမြီးနံပါတ်) 5819 ကို 5919 ဟူ၍ ပြောင်းလဲခဲ့သလို တပ်တော်ဝင် Y-8 နှစ်စီးကိုလည်း ရောက်ရှိချိန်မှစတင်၍ တိုက်ပွဲများအတွက် လူပို့ဆောင်ပေးခြင်း၊ ရိက္ခာခဲယမ်းများ သယ်ယူချပေးခြင်းများ လက်ရှိအထိ စဉ်ဆက်မပြတ် အသုံးပြုနေကြောင်း လေတပ် CDM အရာရှိများထံက သိရသည်။
“Mi 38 ကတော့ လောလောဆယ်မှာ အရမ်းသုံးတာ မတွေ့ရပေမယ့် ခုံတွေဖြုတ်ပြီး သယ်မယ်ဆိုရင်တော့ လက်ရှိ Mi 17 နေရာမှာ သုံးလို့ရတယ်။ Mi 38 က ခန့်မှန်းတန်ဖိုး ဒေါ်လာ ၁၅ သန်းဝန်းကျင်ရှိပြီး Y-8 က ဒေါ်လာ ၃၅ သန်းဝန်းကျင်ရှိတယ်” ဟု လေတပ် CDM တပ်ကြပ်ကြီးဇေယျက ဆိုသည်။
စစ်ခေါင်းဆောင်ကမူ ၂၀၁၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ၁၅ နှစ်တာကာလအတွင်း လေယာဉ်နှင့် ရဟတ်ယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားများကို (၁၅) ကြိမ်တိုင်တိုင် ပြုလုပ်၍ အင်အားဖြည့်တင်းပေးထားသဖြင့် မိမိကျရာတာဝန်အား ကျေပွန်အောင်မြင်စွာ အစွမ်းကုန် ထမ်းဆောင်ရန် ပြောဆိုထားသည်။
ဓာတ်ပုံ-MOI