ဧရာဝတီတိုင်းမ်
(တီးတိန်)၊နိုဝင်ဘာ ၉ ရက်
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ချင်းတော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် တီးတိန်-သိုင်းငင်း ကားလမ်းကို စစ်ကော်မရှင်တပ်မှ ပြန်လည်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း CDF CDM-Syin တာဝန်ရှိသူထံမှ သိရသည်။
တီးတိန်မြို့မှ အင်အား ၃၀၀ ကျော် စစ်ကြောင်း နှစ်ကြောင်းဖြင့် တီးတိန် – သိုင်းငင်း ကားလမ်းမအတိုင်း ထွက်လာသော စစ်ကော်မရှင် စစ်ကြောင်းသည် ယမန်နေ့ နိုဝင်ဘာ ၈ ရက် ညနေပိုင်းတွင် သိုင်းငင်းရွာ ဝင်ရောက်လာပြီဖြစ်သည်။
“တီးတိန်က ထွက်လာတဲ့ စစ်ကော်မရှင် စစ်ကြောင်းတွေ သိုင်းငင်းရွာထဲကို ဝင်ပါပြီ။ တီးတိန် – သိုင်းငင်း ကားလမ်းကို စစ်ကော်မရှင်က ပြန်ထိန်းချုပ်လို့ ရပြီပြောလို့ ရပါတယ်”ဟု CDF CDM Syin တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တီးတိန် – သိုင်းငင်း ကားလမ်းကို စစ်ကော်မရှင်တပ်က ပြန်လည်ထိန်းချုပ်ထားသော်လည်း သိုင်းငင်း – ကလေး ကားလမ်းပေါ်ရှိ မွှလ်ပီးကျေးရွာထိကို CDF CDM – Syin က ဆက်လက် ထိန်းချုပ်ထား ဆဲဖြစ်ကြောင်း သိရသည်။
စစ်ကော်မရှင်တပ်သည် ကလေး – သိုင်းငင်း ကားလမ်းကိုလည်း ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်နေ့တွင် ကလေးမြို့မှ စတင်စစ်ကြောင်းထိုးနေပြီး CDF CDM Syin နှင့် ထိတွေ့တိုက်ပွဲရှိသော်လည်း လက်တလောတွင် စစ်ရေးငြိမ်သက်နေသည်။
“တီးတိန်-သိုင်းငင်းကို စစ်ကော်မရှင်က ပြန်ထိန်းချုပ်ပေမယ့် သိုင်းငင်း-ကလေး ကားလမ်း မွှာလ်ပီးထိတော့ ကျွန်တော်တို့ ထိန်းချုပ်ထားသေးတယ်။ ပြီးခဲ့တဲ့လက စစ်ကြောင်းထိုးတာရှိတယ်။ ထိတွေ့မူရှိတယ်။ လက်ရှိ ကလေးမြို့ဘက်ကနေတော့ စစ်ကြောင်းထိုးတာတွေ မရှိသေးဘူး။ စစ်ရေးက ငြိမ်နေပါတယ်” ဟု CDF CDM Syin တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တီးတိန်-သိုငင်း ကားလမ်းကို စစ်ကော်မရှင်တပ်က ပြန်လည်ထိန်းချုပ်ပြီးနောက် သိုင်းငင်း ကျေးရွာ အပြင် ကားလမ်းတလျှောက်ရှိ ကျေးရွာများက ဒေသခံများသည် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။
ပုံစာ-တီးတိန်-သိုင်းငင်း ကားလမ်း