ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၉ ရက်
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၎င်း၏ မွေးနေ့တွင် ဆုတောင်းပေးကြသော ပြည်သူများကို ပြန်လည်ကျေးဇူးတင်စကား ဆိုရင်း ပြည်သူများ၏ မျှော်လင့်ချက်ဆန္ဒများ ပြည့်ဝစေရန် ဆက်လက်တိုက်ပွဲဝင်သွားမည် ဟု ပြောကြားခဲ့သည်။
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ၄၇ နှစ်မြောက် မွေးနေ့ တွင် ဆုတောင်းစကား ပြောကြား ပေးခဲ့သူများကို မျှော်လင့်ချက်ဆန္ဒများ အမြန်ဆုံးပြည့်ဝစေရန် ဆက်လက်ကြိုးစား ရုန်းကန်တိုက်ပွဲဝင် သွားမည် ဟု ပြီးခဲ့သည့် နိုဝင်ဘာ ၇ ရက်က ကျေးဇူးတင်လွှာ ပြန်လည်ပေးပို့လာခြင်းဖြစ်သည်။
မွေးနေ့ဆုတောင်းစကား ပြောပေးကြသော ပြည်သူများ၊ ရဲဘော်ရဲဘက်များနှင့် မိတ်ဆွေများ အားလုံးအတွက် ကျန်းမာလုံခြုံအေးချမ်းစွာရှိကြစေရန် ပြန်လည်ဆုတောင်းမေတ္တာ ပို့သပေး လိုက်ပါသည်ဟု ကျေးဇူးတင်လွှာတွင် ဖော်ပြထားသည်။

မြစ်ဝကျွန်းပေါ် အမျိုးသားများတပ်ဖွဲ့ (Delta National Force)၊ ရော်ဘင်ဟုမစ်ဆိုင်းအဖွဲ့၊ ဗမာ့တပ်တော် (Bamar Army)၊ ယောကာကွယ်ရေးတပ် (YDF)၊ ကမ္ဘာလုံးဆိုင်ရာ အာရက္ခအမျိုးသား ကွန်ရက် (WUAN) အဖွဲ့တို့မှလည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်အတွက် မွေးနေ့သဝဏ်လွှာများ ပေးပို့ ဆုတောင်းခဲ့ကြောင်း သိရသည်။
၂၀၂၃ နိုဝင်ဘာလမှ စတင်ခဲ့သည့် AA ၏ ပြည်နယ်သိမ်းတိုက်ပွဲကြီးသည် ယခု ၂၀၂၅ ခုနှစ်အရောက်တွင် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၄ မြို့နယ်အထိ သိမ်းပိုက်နိုင်ခဲ့ပြီး မာန်အောင်၊ စစ်တွေနှင့် ကျောက်ဖြူမြို့ နယ်တို့သာ ဆက်လက်သိမ်းပိုက်ရန် ကျန်ရှိတော့ သည်။
အာရက္ခတပ်တော် (AA), တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (ကိုးကန့်တပ်-MNDAA) မဟာမိတ် ညီနောင်သုံးဖွဲ့တို့၏ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် စတင်ခဲ့သည့် ၁၀၂၇ တော်လှန်ရေး နှင့်အတူ တိုင်းရင်းသားနယ်မြေများကို သိမ်းယူနိုင်ခဲ့သည်။
စစ်ကော်မရှင်သည် တရုတ်အစိုးရ၏ အကူအညီကိုယူ၍ MNDAA နှင့် TNLA တပ်များကို အပစ်ရပ်စဲရန် ဖိအားပေးနိုင်ခဲ့သော်လည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ AA သည် စစ်ကော်မရှင်ကို ဆက်လက်တိုက်ပွဲဝင်လျက်ရှိသည်။
ပြီးခဲ့သည့်ရက်ပိုင်းက TNLA နှင့် စစ်ကော်မရှင်တို့ အပစ်ရပ်စဲရေး သဘောတူညီမှုရယူပြီးနောက် TNLA တပ်များ သိမ်းထားသည့် မိုးကုတ်နှင့် မိုးမိတ်ကို ပြန်လည်ပေးရန် သဘောတူခဲ့သည်။ ထိုအချိန်တွင် စစ်ကော်မရှင်က ရှမ်းမြောက်ကို လေကြောင်းတိုက်ခိုက်မှုများ ရပ်နားခဲ့သည်။
စစ်ကော်မရှင်သည် ရှမ်းမြောက်တွင် လေကြောင်းတိုက်ခိုက်မှု ရပ်တန့်ခဲ့ပြီးနောက် လက်လွှတ်ထားရ သည့် ရခိုင်ပြည်နယ်ရှိ မြို့နယ်များကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာသည်။