ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၉ ရက်
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့များ သိမ်းယူထားသည့် ဆည်တော်ကြီး ရေလှောင်တမံ နှင့် နယ်မြေခံတပ်ဌာနချုပ်များကို စစ်ကော်မရှင်က ပြန်လည်သိမ်းယူလိုက်ကြောင်း သိရသည်။
စစ်ကော်မရှင်က စစ်ရေးအရ အရေးပါသည့် ဆည်တော်ကြီးရေလှောင်တမံနှင့် နယ်မြေခံတပ်ဌာနချုပ် ပတ်ဝန်းကျင်အားလုံးကို ပြန်လည်သိမ်းယူလိုက်ပြီဖြစ်ကြောင်း နိုဝင်ဘာ ၇ ရက်နေ့ထုတ် စစ်ကော် မရှင်ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြခဲ့သည်။

“မိုးကုတ်နဲ့ မိုးမိတ်အခြေအနေတွေနဲ့ တိုက်ရိုက်မပတ်သက်ဘူး။ မတ္တရာကို အရင်ကတည်းက နေပြည်တော်က တပ်တွေနဲ့ အင်အားဖြည့်ထားတာ။ အခုစစ်တပ်က သပိတ်ကျင်းဘက်ကို အာရုံစိုက်လာပြီ။ သပိတ်ကျင်းထဲ စစ်ကြောင်းတွေ ဝင်လာနိုင်ခြေရှိတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကော်မရှင်သည် ဆည်တော်ကြီးရေလှောင်တမံကို ပြန်ရရန်အတွက် ပြီးခဲ့သည့် အောက်တိုဘာ ၂၀ ရက်နေ့မှစ၍စစ်ကြောင်း ၅ ကြောင်းခွဲ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း ဆိုထားသည်။
မတ္တရာမြို့နှင့် အနီးတဝိုက်ကို ရှမ်းမြောက်ရှိ TNLA နှင့် စစ်ကော်မရှင်တို့၏ အပစ်ရပ်စဲခြင်း မတိုင်ခင်ကတည်းက ဝန်းရံပိတ်ဆို့ထားခြင်းဖြစ်ပြီး အဓိကအားဖြင့် စစ်ကော်မရှင်၏ တပ်ဖွဲ့များသည် ဆည်တော်ကြီး၊ စကျင်တောင်စသည့်နေရာများကိုပါ ပိတ်ဆို့ထားပြီးဖြစ်သည်။

ဆည်တော်ကြီးအထိ တပ်ဖြန့်ထားသည့် စစ်ကော်မရှင်သည် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)၏ နယ်မြေခံဖြစ်သည့် လေကြောင်းရန်ကာကွယ်ရေးတပ် လကတ-၁၀၁၄ ကိုပါ ပြန်လည်ထိန်းချုပ် လိုက်သည့်အတွက် မတ္တရာတစ်မြို့နယ်လုံးနီးပါးကို ပြန်လည်စိုးမိုးထားနိုင်သည့် အခြေအနေသို့ ရောက်သွားပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကော်မရှင်တပ်က နေပြည်တော်တိုင်းစစ်ဌာနချုပ်(နပတ) ၏ လုံခြုံရေးတပ် ခလရ-၈၅ ကို မတ္တရာနှင့် မန္တလေးအထက်ပိုင်းသို့ အင်အားဖြည့်ထားပြီး ရှမ်းမြောက်မှ ပြန်လည်ခေါ်ထုတ်လာသည့် တပ်များကိုပါ မတ္တရာတွင် အင်အားဖြည့်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ရှမ်းမြောက်မှ တပ်ဖြန့်ဆင်းလာသည့် အင်အားအပြည့်ပါ စစ်ယာဉ် တန်းများ သည်လည်း မတ္တရာသို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။
စစ်ကော်မရှင်သည် မတ္တရာကို စစ်ကြောင်း ငါး ကြောင်းဖြင့် ထိုးစစ်ဆင်ခဲ့ပြီး တိုက်ပွဲကြီးငယ်ပေါင်း ၄၂ ကြိမ်အထိ ဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ထားသည်။
ဓာတ်ပုံ-စစ်ကော်မရှင်