ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၉ ရက်
စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲနီးလာချိန်၌ ရန်ကုန် – မန္တလေးအမြန်လမ်းမကြီး ဇီးရိုးမိုင်စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုတင်းကြပ်နေပြီး ခရီးသည်များအနေဖြင့် မှတ်ပုံတင်မပါလျှင် ရဲစခန်းထောက်ခံစာပါရမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ခရီးသွားပြည်သူများအနေဖြင့်မှတ်ပုံတင်ပျောက်ဆုံးလျှင် ရဲစခန်းတွင်ပျောက်ဆုံးကြောင်းလျှောက်ထားပြီး ရဲစခန်းထောက်ခံစာပါရမည်ဖြစ်ပြီး မှတ်ပုံတင်မလဲရသေးလျှင် မှတ်ပုံတင်လဲထားရမည်ဖြစ်ကြောင်း ခရီးသွားပြည်သူတစ်ဦးက ပြောကြားသည်။

မန္တလေးမှ ရန်ကုန်သို့အလုပ်လုပ်ရန်လာသူ အမျိုးသမီးနှစ်ဦးတွင် မှတ်ပုံတင်မပါဘဲ ရပ်ကွက်ထောက်ခံစာသာပါသဖြင့် ဇီးရိုးမိုင်စစ်ဆေးဂိတ်တွင် စစ်သားအရာရှိတစ်ဦးက ဆူဆဲပြောဆိုကြောင်း အဝေးပြေးယာဉ်မောင်းတစ်ဦးက ပြောကြားသည်။
“ရွေးကောက်ပွဲနီးလာတော့ မှတ်ပုံတင်ပိုစစ်လာတယ်။ မှတ်ပုံတင်မပါရင် ယာဉ်လိုင်းတွေကို ခရီးသည်မတင်ဖို့ လည်းပြောတယ်။ မှတ်ပုံတင်ပျောက်ရင် ရဲစခန်းထောက်ခံစာပါမယ်။ ယောင်္ကျားလေးတွေဆို ပုံစံထိုင်ရတယ်။ မိန်းကလေးကတော့ ပြောဆိုပြီးပြန်လွှတ်တာပေါ့။ ရန်ကုန်အဝင်နောက်ကျရင် နှစ်မိုင်လောက်ကားတန်းစီးရတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
လက်ရှိတွင်စစ်ကော်မရှင်ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲအတွက် ပြည်သူများဆန္ဒမဲပေးခွင့် မဆုံးရှုံးစေရေးဟုဆိုကာ ပန်းခင်းလမ်းစီမံချက်အဆင့် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID စမတ်ကတ်များကို စစ်ကော်မရှင်လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – လူမှုကွန်ရက်