ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၈ ရက်

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက သောင်ပြိုကမ်းပြိုအနိုင်ရခဲ့သော ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲရလဒ်ကို ကိုင်စွဲပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နိုင်ရေးအတွက် တော်လှန်ရေးအင်အားစုများနှင့် လက်တွဲကြိုးပမ်းသွားမည်ဖြစ်ကြောင်း ယနေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ထုတ်ပြန်သည်။

 

ထို့ပြင် လွတ်လပ်၍ တရားမျှတသော ဒီမိုကရေစီနည်းကျရွေးကောက်ပွဲမှတစ်ဆင့် လွှတ်တော်တစ်ရပ် မပေါ်ပေါက်မချင်း ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲရလဒ်က တရားဝင်ဆဲဖြစ်ကြောင်း ရွေးကောက်ပွဲငါးနှစ်ပြည့်တွင် ထုတ်ပြန်ခဲ့သည်။

ယင်းပြင် ဒီမိုကရေစီအစုအဖွဲ့များနှင့် တိုင်းရင်းသားအဖွဲ့အစည်းများကို ပိုမိုပံ့ပိုးကူညီပေးရန်၊ အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စု၏ ရွေးကောက်ပွဲရလဒ်ကို ပြတ်သားစွာငြင်းပယ်ပေးရန်အပါအဝင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုက်အဝန်းထံ ထပ်မံတောင်းဆို တိုက်တွန်းကြောင်းလည်းပါဝင်သည်။

 

အကြမ်းဖက်စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲသည် ဟန်ပြဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဖြစ်ပြီး လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများကို ပိုမိုဆိုးရွားစေမည်ဖြစ်ကာ မြန်မာပြည်သူများအတွက် စစ်မှန်သော ငြိမ်းချမ်းရေးသည် ပိုမိုအလှမ်းကွာဝေးနေမည်ဟု ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက ဆိုသည်။

 

နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ၏ (၁၅၁) ကြိမ်မြောက် အထွေထွေညီလာခံ၌ မြန်မာပြည်သူတို့၏ ဆန္ဒမဲရလာဒ်ကြောင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကို တရားဝင်မိတ်ဖက်အဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုထားမှုကို ဆက်လက်အတည်ပြုထားကြောင်း သိရသည်။

ဓာတ်ပုံ – CRPH