ဧရာဝတီတိုင်းမ်
(ခမောက်ကြီး)၊ နိုဝင်ဘာ ၈ ရက်

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်၊ လေးရွာနှင့် အထူးဇုံဖြတ်လမ်းသို့ စစ်ကြောင်း ထိုးလာသည့် စစ်ကော်မရှင်တပ်ဖွဲ့ကို ပြီးခဲ့သည့် နိုဝင်ဘာ ၂ ရက်နေ့က တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ခမောက်ကြီးတပ်နယ်မှ စစ်ကြောင်းထိုးလာသည့် အင်အား ၈၀ ကျော်ပါတပ်ဖွဲ့ကို တော်လှန်ရေး တပ်ဖွဲ့ဝင်များက စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် ၃ နာရီကျော်ကြာ တိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်မှ ဗိုလ်မှူးတစ်ဦး၊ ဗိုလ်ကြီးတစ်ဦးနှင့် တပ်ကြပ်ကြီးတစ်ဦး အပါအဝင် တပ်သား ရှစ် ဦးမှာ တိုက်ပွဲအတွင်း၌ပင်သေဆုံးခဲ့သည်ကို မျက်မြင်တွေ့ရှိခဲ့ရကြောင်းလည်း သိရသည်။

“နိုဝင်ဘာ (၅) ရက်နေ့ကတော့ ခမောက်ကြီး ၄၅မိုင်နားကတပ်ထဲက အရာရှိအိမ်မှာ နာရေး ဆွမ်းကပ် နေကြတယ်တဲ့။ အခုလောလောဆယ်တော့ အထူးဇုံနဲ့အနီးတဝိုက်မှာ ကင်းပုန်းဝပ်တာတွေတော့ ရှိနေသေးတယ်ခင်ဗျ” ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ ကော့သောင်းခရိုင် သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ရဲဘော်ကျားကြီးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် တိုက်ပွဲပြီးနောက် လေးရွာအနီးတွင် အရာရှိအလောင်းအပါအဝင် အလောင်း ၁၈ လောင်းကို မီးရှို့ထားခဲ့ပြီး ၂၇ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်းကို တပ်တွင်းသတင်းအရင်းအမြစ်များထံက ထပ်မံသိရသည်ဟု ကော့သောင်းခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

“တိုက်ပွဲဖြစ်ပြီးနောက်ရက်မှ အင်အားတွေထပ်တိုပြီး ရွာသားနှစ်ယောက် သုံးယောက်ကို တော်လှန်ရေးအဖွဲ့တွေရှိနိုင်တဲ့နေရာဘယ်မှာလဲဆိုပြီး သူတို့သိချင်တာတွေ စစ်ဆေးမေးမြန်းပြီး လမ်းလိုက်ပြခိုင်းတယ်တဲ့ အဲ့ဒါကို ရွာ‌သားတွေက ကောငါးကောင်းမဖြေလို့ဆိုပြီး ရိုက်နှက်ပြီး လမ်းပြခေါ်သွားတယ်တဲ့ အရိုက်ခံရတာ ရောင်ကိုင်းနေတာပဲတဲ့ဗျ” ဟု ရဲဘော်ကျားကြီးက ဆက်လက်ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို ကော့သောင်းခရိုင် မဟာမိတ်ပူးပေါင်းအဖွဲ့ဖြစ်သည့် ကော်သူးလေတပ်မတော် (KTLA) ဗိုလ်ချုပ်မြ အထူးတပ်ရင်း၊ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နှင့် ဘုတ်ပြင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တို့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ဓာတ်ပုံ – အင်တာနက်(ပုံဟောင်း)