နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၇ ရက်

အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) အနိုင်ရပါလျှင် နိုင်ငံတကာ တရားရုံးများ၌ တရားစွဲဆိုထားသည့် အမှုများကို တာဝန်ယူဖြေရှင်း ပေးမည်ဖြစ်ကြောင်း စစ်တပ်၏ ရွေးကောက်ပွဲတွင် ဝင်ပြိုင်ခွင့် ပယ်ဖျက်ခံထားရသူ PPP ပါတီဥက္ကဋ္ဌ ဒေါက်တာ သက်သက်ခိုင်က မဲဆွယ်စည်းရုံး ပြောဆိုသည်။

ဒေါက်တာသက်သက်ခိုင်သည် စစ်ကော်မရှင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ခွင့် ပယ်ဖျက် ခံထားရသူဖြစ်သော်လည်း ယမန်နေ့ နိုဝင်ဘာ ၆ ရက်က စစ်ကော်မရှင်၏ ဝါဒဖြန့် ရုပ်သံများမှတစ်ဆင့် မဲဆွယ်ဟောပြောမှုများ ပြုလုပ်ရာတွင် ၎င်းတို့ပါတီ၏မူဝါဒ၊ သဘောထားနှင့် ပတ်သက်၍ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

“ပဋိပက္ခကြောင့် ထိခိုက်နစ်နာခံရမှုတွေအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေး အစီအစဉ်တစ်ရပ် ချမှတ်ဆောင်ရွက်ပြီး နိုင်ငံတကာ တရားရုံးတွေမှာ တစ်ဖက်သတ် စွပ်စွဲချက်တွေနဲ့ တရားစွဲဆိုထားတဲ့ အမှုတွေကို တာဝန်ယူဖြေရှင်းသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် ပါတီမူဝါဒများနှင့် လုပ်ငန်းစဉ်များကို ရက် ၁၀၀ စီမံချက်၊ (၁) နှစ်နှင့် (၅) နှစ် စီမံချက်များအဖြစ် ချမှတ်ထားပြီး လက်ရှိ ၂၀၂၅ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ အပိုင်းသုံးပိုင်းရှိ၍ ပြည်သူလူထု ငြိမ်းချမ်းလုံခြုံရေးလည်း ဖော်ဆောင်သွားမည်ဖြစ်ကြောင်း စည်းရုံးသည်။

အလားတူ စစ်ကော်မရှင် လက်အောက်ခံ စစ်သား၊ ရဲတပ်ဖွဲ့ဝင်များနှင့် Non-CDM များကိုလည်း သက်စွန့်ဆံဖျား ကြိုးပမ်းသည်ဟုဆိုကာ ရှားပါးစရိတ် တိုးမြှင့်ထောက်ပံ့ပေးရန်၊ ကျွမ်းကျင်မှုနှင့် အတွေ့အကြုံအလိုက် ခံစားခွင့်၊ ရာထူးတိုးခွင့်တို့အား ဦးစားပေး ဆောင်ရွက်မည်ဖြစ်ဟု ဆိုသည်။

“ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်မယ့် တပ်မတော်အား ခေတ်မီဆန်းသစ်အင်အား ပြည့်ဝစေရေးနဲ့ ကောင်းမွန်သော အရပ်ဘက်-တပ်ဘက် ဆက်ဆံရေးတွေ တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာသက်သက်ခိုင်က ဆက်လက်ပြောသည်။

ဒေါက်တာသက်သက်ခိုင်သည် ငွေကြေးကိစ္စပြဿနာကြောင့် စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲမှ ဝင်ပြိုင်ခွင့် ရပ်နားခံထားရသူဖြစ်သော်လည်း စစ်ကော်မရှင်၏ အကြမ်းဖက် လုပ်ရပ်များကို ဖုံးကွယ်၍ ယင်းတို့အလိုတော်ကျ စည်းရုံးခဲ့ခြင်းဖြစ်ကြောင်း အကဲခတ်များက ထောက်ပြသည်။

ဓာတ်ပုံ-MOI