နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၇ ရက်
အာဏာသိမ်း စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲအတွက် မဲပေးရန် ခြိမ်းခြောက်အကျပ်ကိုင်သူများကို ဖမ်းဆီးအရေးယူနိုင်ရေး ပြည်သူများအနေဖြင့် မှတ်တမ်းတင် တိုင်ကြားပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က မေတ္တာရပ်ခံ တိုက်တွန်းသည်။
ထိုရွေးကောက်ပွဲအတွက် မည်သူမဆို ပြည်သူလူထုအား မဲထွက်ပေးရန်၊ ကြိုတင်မဲပေးရန် တနည်းနည်းဖြင့် ခြိမ်းခြောက်အကျပ်ကိုင်လာပါလျှင် ကျူးလွန်မှုအပေါ် မူတည်၍ ဖမ်းဆီးကာ အရေးယူသွားမည်ဖြစ်ကြောင်း NUG က ယမန်နေ့ နိုဝင်ဘာ ၆ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။
ပြည်သူများအနေဖြင့် ထိုသို့ကျူးလွန်သူများကို အမိအရ၊ တစ်နည်းနည်းဖြင့် မှတ်တမ်းတင်၍ တိုင်ကြားပေးရန် မေတ္တာရပ်ခံလိုပြီး အခြေခံ လူ့အခွင့်အရေးအရ မဲမပေးရန် ဆုံးဖြတ်ပိုင်ခွင့်ရှိကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဆိုသည်။
“အဲဒီအတွက် ကျွန်တော်တို့ NUG နဲ့ တော်လှန်ရေး အင်အားစုတွေရဲ့ စိုးမိုးထိန်းချုပ် နယ်မြေမှာဆိုရင်တော့ ဒါတွေကို ဖမ်းဆီးမယ်၊ အကယ်လို့များ စစ်ကော်မရှင်ရဲ့ နယ်မြေမှာဆိုရင်လည်း မှတ်တမ်းတင် ဖမ်းဆီးအရေးယူနိုင်ဖို့ ဆက်လက်ကြိုးစားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် ခြိမ်းခြောက်အကျပ်ကိုင်ခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်မှု၊ ရွေးကောက်ပွဲဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ခြင်းဖြစ်သလို ဥပဒေနှင့်ငြိစွန်းသော လုပ်ရပ်လည်းဖြစ်၍ သက်သေနှင့်တကွ သက်ဆိုင်ရာသို့ တိုင်ကြားနိုင်ကြောင်း NUG က ထုတ်ပြန်ထားသည်။
ယင်းအတွက် NUG ၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနသို့ Telegram – https://t.me/publicnugmohai မှတစ်ဆင့် တိုင်ကြားနိုင်ပြီး သိလိုသည်များ မေးမြန်းရန်နှင့် အကြံဉာဏ်တောင်းရန် Telegram https://t.me/nugpublicaffairsbot ကို နေ့စဉ် ည ၈ နာရီမှ ည ၁၀ နာရီအထိ လက်ခံဆောင်ရွက်နေကြောင်း သိရသည်။
လက်ရှိတွင် စစ်ကော်မရှင်က လာမည့်ဒီဇင်ဘာ ၂၈ ရက်၌ ရွေးကောက်ပွဲ အပိုင်း(၁) ပြုလုပ်ရန် စီစဉ်နေပြီး ဝင်ပြိုင်ကြမည့် ၎င်းတို့အသိအမှတ်ပြု နိုင်ငံရေးပါတီများကို မဲဆွယ်စည်းရုံးခွင့် ပြုထားသလို ကန့်ကွက်လက်မခံသည့် ပြည်သူများအား ဖမ်းဆီးလျက်ရှိကြောင်း သိရသည်။