ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၇ ရက်
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျေးရွာသုံးရွာကို စစ်ကော်မရှင်က လက်နက်ကြီးများဖြင့် ပစ်ခတ်သည့်အပြင် လေကြောင်းတိုက်ခိုက်မှုများပါ ပြုလုပ်ခဲ့ရာ အရပ်သားပြည်သူများ သေဆုံးဒဏ်ရာ ရမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
စစ်ကော်မရှင်သည် ယနေ့ နိုဝင်ဘာ ၇ ရက် နံနက် ၁၁ နာရီမှစတင်ကာ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကွမ်းတောင် ကျေးရွာ၊ အောင်ဖြူပြင်ကျေးရွာ၊ ယိုးတရုပ်ကျေးရွာတို့ကို ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“အောင်ဖြူပြင်နဲ့ကွမ်းတောင်ကို တိုက်ခိုက်တာမှာ ဒဏ်ရာရတဲ့သူ နှစ်ယောက်ရှိတယ်။ ယိုးတရုပ်မှာတော့ လူသေဆုံးတာ ကြားရပါတယ်။ မနက် ၁၁ နာရီကနေ နာရီဝက်အတွင်းကို ပစ်ခတ်မှုဆက်တိုက် လုပ်သွားတာ”ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်တွေအခြေစိုက် ခမရ ၃၄၄ မှနေ၍ ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ကျေးရွာကို ၁၂၀ မမ လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း သတင်းများမှ သိရသည်။
အောင်ဖြူပြင်ကျေးရွာကိုလည်း စစ်ကော်မရှင်က ဒရုန်းဖြင့် ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ပြီး ယိုးတရုပ် ကျေးရွာကို ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံးကြဲချတိုက် ခိုက်ခဲ့ရာ ပြည်သူ ငါး ဦးသေဆုံးပြီး ခုနစ် ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စစ်ကော်မရှင်က ယခုရက်ပိုင်းအတွင်းတွင် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့ လက်နက်ကြီးများ၊ လေ ကြောင်းပစ်ကူများဖြင့် ဆက်တိုက်တိုက်ခိုက်နေပြီး ကွမ်းတောင်ရွာအနီးထိ စစ်ကြောင်းထိုးရန် ပြင်ဆင်နေမှုများရှိကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၃၀ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်၊ ရသေ့တောင်၊ ပေါက်တောနှင့် ကျောက်ဖြူမြို့နယ်တို့ကို စစ်တွေမြို့မှနေ၍ လက်နက်ကြီးပစ် ခတ်ခြင်း၊ ဒရုန်းနှင့်တိုက်ခိုက်ခြင်းအပြင် လေ ကြောင်းမှဗုံးကြဲမှုများ ပြုလုပ်ခဲ့သည်။
ပုံစာ- ပုဏ္ဏားကျွန်းမြို့နယ်အတွင်း စစ်ကော်မရှင်၏တိုက်ခိုက်မှုကြောင့် ထိခိုက်ခဲ့ရသူများ