ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၇ ရက်
တိုင်ဖွန်းမုန်တိုင်းခန့်မေဂီမှ အားလျော့သွားသော ကုန်းတွင်း မုန်တိုင်းငယ်အရှိန်ကြောင့် လာမည့် သုံးရက်အတွင်း မိုးကြီး၊ လှိုင်းကြီးမည်ဖြစ်ကြောင်း စစ်ကော်မရှင်လက်အောက်ရှိ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ)က ယနေ့ နိုဝင်ဘာ ၇ ရက်တွင် ထုတ်ပြန်သည်။
ယနေ့ နံနက် ၉ နာရီမိုးလေဝသတိုင်းတာချက်အရခန့်မေဂီ (KALMAEGI)သည် လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံနယ်စပ်ဒေသများတွင် ကုန်းတွင်း မုန်တိုင်းငယ်အဖြစ် အားလျော့သွားကြောင်း သိရသည်။
အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်သည် လာမည့် ၁၂ နာရီအတွင်းထိုင်းနိုင်ငံအရှေ့ပိုင်းဒေသများတွင် လေဖိအားနည်းဆဲလ်အဖြစ်သို့ အားလျော့သွားနိုင်သည်ဟု မိုး/ဇလက ခန့်မှန်းထားသည်။

အဆိုပါတိုင်ဖွန်းမုန်တိုင်း ခန့်မေဂီမှ ပြတ်ထွက်လာသောတိမ်တိုက်များကြောင့် နိုဝင်ဘာ ၈ ရက် မှ ၁၀ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန် တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်နီ ( ကယား)ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
ထို့ပြင် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သည်။
မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၂၅ မိုင်မှ မိုင် ၃၀ အထိ တိုက်ခတ်နိုင်၍ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၇ ပေမှ ၉ ပေခန့်ရှိနိုင်ကြောင်း မိုး/ဇလ က ထုတ်ပြန်ထားသည်။
မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းတို့ကိုသတိပြုရန်လိုအပ်ပြီး ပြည်တွင်းရေကြောင်းသွားလာရေး၊ လေ ကြောင်းပျံသန်းရေးအပါအဝင် ဆည်မြောင်းတာတမံများအနေဖြင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင်နိုင်ရန် မိုး/ဇလ က သတိပေးထုတ်ပြန်ထားသည်။