ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၇ ရက်

စစ်ကော်မရှင်က စစ်မှုထမ်းဥပဒေ၊ ရွေးကောက်ပွဲဥပဒေများအကြောင်းပြကာ တစ်လအတွင်း ရန်ကုန် တိုင်းအတွင်းရှိ ပြည်သူ ၉၄ ဦးကို မတရားဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခဲ့သာည့် ပြည်သူ ၉၄ ဦးအနက် ၁၃ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ကျန်လူများကို စစ်မှုထမ်းသင်တန်းနှင့် အကျဉ်းထောင်များသို့ ပို့ဆောင်လိုက်ကြောင်း Rangoon Scout Network ထံမှ သိရသည်။

လူငယ် ၂၃ ဦးကို စစ်မှုထမ်းသင်တန်းကျောင်းများသို့ ပို့ဆောင်ခဲ့ပြီး အကျဉ်းထောင်များအတွင်းသို့ ပို့ ဆောင်ခဲ့မှုများလည်းရှိကာ နောက်ထပ်ဖမ်းဆီးခဲ့သည့် လူငယ် ၅၈ ဦး၏ နောက်ဆက်တွဲအခြေအနေကို မသိရပဲ အဆက်အသွယ်ပြတ်တောက်နေသည်ဟုဆိုသည်။

စစ်ကော်မရှင်က သတင်းအတိအကျဖြင့် ရှာဖွေစောင့်ဆိုင်း ဖမ်းဆီးခဲ့မှုများရှိသလို ရမ်းသမ်းဖမ်းဆီးခြင်း၊ သွားလာနေသူများကို ဖမ်းဆီးခြင်း၊ လမ်းဘေးထိုင်နေသူများကို ဖမ်းဆီးခြင်း၊ ရှောင်တခင်စစ်ဆေးဖမ်းဆီးခြင်း၊ ခရီးသွားလာနေသူများကို ဖမ်းဆီးခြင်း၊ ဧည့်စာရင်းစစ်ဖမ်းဆီးခြင်းနှင့် အလုပ်အကြောင်းပြ လိမ်လည်ခေါ်ယူကာ မူးယစ်ဆေးကျွေး ဖမ်းဆီးခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံထားရသူများထဲမှ ၉ ဦးကို ရွေးကောက်ပွဲပုဒ်မ ၂၄(က)တပ်ပြီး ဖမ်းဆီးခဲ့ကာ ငါးဦးမှာ အနုပညာရှင်များဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲဥပဒေအကြောင်းပြ ဖမ်းဆီးခဲ့သော် လည်း ဖမ်းဆီးခံထားရသူများမှာ Facebook တွင် အခြားသူများဝေဖန်ထားသည့်ပို့စ်ကို Like နှင့် Reaction များပေးသည်ဟု အကြောင်းပြကာ ဖမ်းဆီးခဲ့ကြခြင်းဖြစ်သည်။

ထူးခြားဖြစ်စဉ်အနေဖြင့် စစ်ကော်မရှင်လက် အောက်ခံ ရပ်ကျေးကော်မတီအဖွဲ့ဝင်များ၏ နောက်လိုက်တစ်ဦးကို ထိုးကြိတ်ခဲ့သူအား ရွေးကောက်ပွဲပုဒ်မ ၂၄(က)တပ်၍ ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

လက်ရှိတွင် စစ်မှုထမ်း အမှတ်စဉ် ၁၈ သင်တန်းမှာ စတင်နေပြီဖြစ်ပြီး အောက်တိုဘာ ၂၁ ရက်နေ့က သင်တန်းစတင်ခဲ့ရာ ဖမ်းဆီးရမိသူ ၂၉ ဦးကို ရန်ကုန်တိုင်းအတွင်းရှိ စခတ ၁ နှင့် တတက ၁ တို့အပြင် ပဲခူးတိုင်း အုတ်တွင်းတပ်နယ်ရှိ တတက ၆ ထံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။