ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၇ ရက်
စစ်ကော်မရှင်က နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်သည်ဟုဆိုကာ ဖမ်းဆီးထားသည့် အာဏာရှင်ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏ သားမက် ဒေါက်တာနေစိုးမောင်ကို ထပ်တိုးပုဒ်မတစ်ခုနှင့် ထပ်မံ တရားစွဲဆိုလိုက်ကြောင်း သိရသည်။
စစ်ကော်မရှင်သည် ဒေါက်တာနေစိုးမောင်ကို ယမန်နေ့ နိုဝင်ဘာ ၆ ရက်နေ့ကမန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ် ရဲစခန်းမှနေ၍ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် ထပ်မံအမှုဖွင့်ပြီး ရုံးတင်တရားစွဲဆိုထားကြောင်း ရဲသတင်းရင်းမြစ်ထံမှ သိရသည်။
“သူ့ကို ငလျင်အကြောင်းပြပြီး အင်းစိန်ထောင်ကိုရွှေ့လာတယ်။ ဒီလရဲ့ ၄ ရက်နေ့မှာ အိုးဘိုထောင်ပိုပြန်ရွှေ့တယ်။ အဲဒီမှာ ၆၆ (ဃ)နဲ့ အမှုထပ်တိုးပြီး တရားထပ်စွဲထားတယ်” ဟု ရဲသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဒေါက်တာနေစိုးမောင်ကို ပုဒ်မ ၅၀၅(က)ဖြင့် စစ်ကော် မရှင်က ထောင်ဒဏ် ၃ နှစ်ကျခံစေရန် အမိန့်ချထားပြီး အင်းစိန်ထောင်အတွင်း ချုပ်နှောင်ထားရာမှ ယခု ထပ်တိုးပုဒ်မကို စစ်ဆေးရန် အိုးဘိုထောင်သို့ ပြန်လည်ရွှေ့ပြောင်းခဲ့ကြောင်း သိရသည်။
ဒေါက်တာနေစိုးမောင်ကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၃ ရက်နေ့က ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅၂(က)၊ ၁၂၄(က)၊ ပုဒ်မ ၅၀၅ (က)၊ ပုဒ်မ ၃၃(က)တို့ဖြင့် အမှုဖွင့်ထားပြီး ပုဒ်မ ၅၀၅ (က)အတွက် ထောင်ဒဏ် ၃ နှစ် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
စစ်ကော်မရှင်က ဒေါက်တာနေစိုးမောင်ကို ပုဒ်မမျိုးစုံတပ်၍ ဖမ်းဆီးခဲ့သော်လည်း အမှန်တကယ်တွင် ဒေါက်တာနေစိုးမောင်က သူ၏လူမှုကွန်ရက်တွင် ဒေါက်တာဇော်မြင့်မောင်သေဆုံးမှုနှင့်ပတ် သက်ပြီး ဆုတောင်းစာရေးသည့်အပေါ် စစ်ကော်မရှင်က အငြိုးထားဖမ်းဆီးခဲ့ခြင်းဖြစ် သည်။
“နောင်ဘဝမှာ လူဖြစ်ခဲ့လျှင် လွတ်လပ်တရားမျှတပြီး လူကို လူလိုဆက်ဆံတဲ့နိုင်ငံမှာ လူပြန်ဖြစ်ပြီး လူသားတွေရဲ့အကျိုးကို ဆက်လက်သယ်ပိုးနိုင်ပါစေ”ဟု ဒေါက်တာနေစိုးမောင်က မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ သေဆုံးမှုကို ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့ခြင်းဖြစ်သည်။
ဒေါက်တာနေစိုးမောင်မှာ ဒုတိယဗိုလ်မှူးကြီး ရာထူးအထိ စစ်တပ်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး တပ်မ တော်စစ်ဆေးတက္ကသိုလ်တွင်လည်း ကထိကအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း သိရသည်။