ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၈ ရက်
ထိုင်းနိုင်ငံမှာ ၁၉၇၂ ခုနှစ်ကတည်းက နေ့လည် ၂ နာရီမှ ညနေ ၅ နာရီအတွင်း ယမကာဆိုင်တွေ၊ စူပါမတ်ကတ်တွေမှာ ယမကာရောင်းချခွင့် ပိတ်ပင်ထားပေမယ့် နိုဝင်ဘာလ ၈ ရက်မှာ အာဏာတည်မယ့် ယမကာထိန်းချုပ်ရေး အက်ဉပဒေအရ အဆိုပါတားမြစ်ချိန် သို့မဟုတ် တားမြစ်နေရာတွေမှာ အရက်သေ စာ သောက်သုံးပါက ဘတ်ငွေ ၁၀၀၀၀ ဒဏ်ရိုက်ခံရမယ်လို့ သိရပါတယ်။
လိုင်စင်ရ ဖျော်ဖြေရေးနေရာတွေ၊ ဟိုတယ်တွေ၊ ခရီးသွားနယ်မြေတွေနဲ့ နိုင်ငံတကာ လေကြောင်း ခရီးစဉ်တွေရှိရာ လေဆိပ်တွေမှာတော့ ခြွင်းချက်ရှိမယ်လို့ ပြင်ဆင်လိုက်တဲ့ ဉပဒေက ဆိုပါတယ်။
တင်းကျပ်လိုက်တဲ့ ဥပဒေအရ ယမကာကြော်ငြာတွေကို တားမြစ်ထားပြီး ထင်ရှားကျော်ကြားသူ တွေ၊ လူသိများတဲ့ပုဂ္ဂိုလ်တွေကို ယမကာ ကြော်ငြာခွင့် မပြုပါဘူး။
ဖောက်သည်တွေကို ယမကာသုံးဆောင်ချိန် ကန့်သတ်လိုက်တာကြောင့် အသစ်ပြင်ဆင်လိုက်တဲ့ ဥပဒေဟာ စားသောက်ဆိုင်တွေကိုလည်း သက်ရောက်မှုရှိလာမယ်လို့ ထိုင်း စားသောက်ဆိုင်များအသင်း ဥက္ကဌ ချာနွန်ကော့ချာရုန်က ပြောပါတယ်။
ဥပမာ ဆိုင်တစ်ဆိုင်က ဖောက်သည်က နေ့လည် ၁ နာရီ ၅၉ မိနစ်မှာ ဘီယာတစ်ပုလင်း ရောင်းချ လိုက်လို့ ဖောက်သည်က ၂ နာရီ ၅ မိနစ်အထိ ထိုင်သောက်ပါက ပုဒ်န ၃၂ အရ ဥပဒေချိုးဖောက်မှုဖြစ်လို့ အဆိုပါဖောက်သည်ဟာ ဒဏ်ရိုက်ခံရမှာဖြစ်ပါတယ်။
အဆိုပါဥပဒေကြောင့် စားသောက်ဆိုင်လုပ်ငန်း ဖွံ့ဖြိုးလာမှုကို အဟန့်အတားဖြစ်စေတယ်လို့ ဘန်ကောက်မြို့မှာ စားသောက်ဆိုင်တစ်ဆိုင် ဖွင့်ထားတဲ့ ချာနွန်က ပြောပါတယ်။
ယမကာသုံးဆောင်သူတွေဟာ တားမြစ်ချိန်အတွင်း သုံးဆောင်ပါက ဒဏ်ရိုက်ခံရနိုင်လို့ ယမကာ ရောင်းအား ကျဆင်းဖွယ်ရှိတယ်လို့ အမည်မဖော်လိုတဲ့ စားသောက်ဆိုင် လက်ထောက်မန်နေဂျာတစ်ဉီး က ပြောပါတယ်။
၂၄ နာရီစလုံး ယမကာရောင်းချခွင့် ရှိသင့်တယ်လို့ အတိုက်အခံ ပြည်သူ့ပါတီမှ လွှတ်တော်အမတ် လင်ဂျစ်ထရာကွန်က ပြောပါတယ်။
ကိုးကား – Bloomberg
Ref; New Thai alcohol rules put drinkers on the hook for fines