တောင်ငူ / ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၆ ရက်

 

စစ်ကော်မရှင်က ပြုလုပ်မည့် ရွေးကောက်ပွဲနီးလာသည့်အချိန်တွင် တောင်ငူမြို့ရှိ စစ်ဘေးရှောင်များကို ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်းများက ငွေ နှင့် စားသောက်ဖွယ်ရာများ လိုက်လံလှူဒါန်းနေကြောင်း ဒေသခံများထံက သိရသည်။

 

တောင်ငူမြို့အနီးဝန်းကျင်တွင် ဖြစ်ပွားသောတိုက်ပွဲများကြောင့် စစ်ဘေးရှောင်များလာရောက် ခိုလှုံနေသည့် ဘုန်းကြီးကျောင်းများသို့ လိုက်လံ၍တွေ့ဆုံလှူဒါန်းနေခြင်းဖြစ်သည်။

“ကျွန်တော်တို့ စစ်ဘေးရှောင် နဲ့ ရောက်နေတာ လေး နှစ်ရှိပြီ။ ဘယ်ပါတီကမှလည်း မလာဘူး အခုတော့ ထူးထူးဆန်းဆန်း ကြံ့ခိုင်ရေး အမတ်လောင်းတွေ ရောက်လာပြီး ဆန် နဲ့ ငွေသားအနည်းငယ် လာပေးသွားတယ်။ အရင်တော့ တခါမှ မလာဖူးဘူး ” ဟု စစ်ဘေးရှောင်နေသည့်အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

 

၂၀၂၄ ခုနှစ် နှစ်ဦးပိုင်းမှစ၍ တောင်ငူမြို့ ပတ်ဝန်းကျင်တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သော ကြောင့် ဒေသခံသောင်းနှင့်ချီပြီး တောင်ငူမြို့သို့ စစ်ဘေးရှောင်လာခဲ့ကြခြင်းဖြစ်သည်။

” တောင်ငူမှာ စစ်ဘေး ၊ ငလျင်ဘေး ၊ ရေဘေးတွေ ဖြစ်သွားတယ် ရေဘေးဆို အကြိမ်ရေတောင် မတွက်နိုင်တော့ဘူး။ ဒေသပြည်သူတွေ ဒုက္ခရောက်နေကြတာ အားလုံး အမြင်၊ ဘယ်ပါတီ မှ မလှူရင်နေပါ အားပေးစကားတောင်လာပြောဖော်မရဘူး” ဟု တောင်ငူမြို့ခံတစ်ဦးက ပြောသည်။

 

၂၀၂၅ ခုနှစ် ဒီဇင်ဘာ (၂၈ )ရက်တွင် ကျင်းပမည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေး အပါအဝင် ပါတီ ရှစ်ခု ဝင်ရောက်ယှဥ်ပြိုင်မည်ဟု သိရသည်။