ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၅ရက်
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် စစ်ကော်မရှင်နှင့် KIAတပ်များ နေရာ သုံးခုထက်မနည်းတွင် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၄ရက်နေ့ကစတင်ခဲ့သည့် ဗန်းမော်တိုက်ပွဲသည် ကြားကာလများ၌ စစ်ရေးအခြေအနေများ ပြောင်းလဲမှုဖြစ်ပေါ်ခဲ့သော်လည်း ယနေ့ နိုဝင်ဘာ ၅ရက်နေ့အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
”တိုက်ပွဲကရပ်မသွားဘူးလို့သိရပါတယ်။ ဆက်တိုက်ခိုက်နေတုန်းပါ။ အဓိကက ကျွန်တော်တို့ တော်လှန်ရေးကို ရပ်မထားဘူး။ တပ်စခန်းထပ်သိမ်းရမိတာမျိုးတော့မရှိသေးဘူးလို့ သိထားပါတယ်” ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဗန်းမော်တက္ကသိုလ်ဝန်း၊ သုံးမိုင်နှင့် ခလရ ၄၇ဘက်သို့ သွားရာလမ်းတလျှောက် စစ်ကော်မရှင်က လက်နက်ကြီးပစ်၊ စစ်ကြောင်းထိုးမှုများရှိ၍ တိုက်ပွဲများနေ့စဉ်ရှိနေကြောင်း KIAမှဗိုလ်မှူးကြီး နော်ဘူက KNG သတင်းမီဒီယာကို ဖြေကြားထားသည်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း ဩဂုတ်လမတိုင်ခင်အထိ စစ်ကော်မရှင်၏ တိုက်လေယာဉ်နှစ်စင်းအထိပစ်ချနိုင်ခဲ့ပြီး မြို့၏ အရေးပါသောနေရာအများစုကို သိမ်းယူကာ KIAက စစ်ရေးအသာစီးရနေခဲ့သည်။
ပြီးခဲ့သည့် ဩဂုတ် ၁ ရက်နေ့က ဗန်းမော်သို့ဆိုက်ကပ်လာသည့် စစ်သင်္ဘောများမှ လက်နက်ခဲယမ်းနှင့် စစ်ကူ အင်အား ၁၀၀၀ ကျော်တို့ကြောင့် စစ်ကော်မရှင်က KIAသိမ်းယူထားသည့် တပ်ရင်းအချို့ကို ပြန်လည် သိမ်းယူခဲ့သည်။
ထို့အပြင် စစ်ကော်မရှင်က လေယာဉ်နှစ်စီးဖြင့် စစ်ကူအင်အားများကို ယခုရက်ပိုင်းအတွင်း ထပ်မံဖြည့်တင်းခဲ့ကြောင်း သိရသည်။
စစ်ကူထပ်ဖြည့်ထားပြီး ထိုးစစ်ဆင်မှုများပြုလုပ်နေသော်လည်း KIA စိုးမိုးထားသည့်နယ်မြေများကို စစ်ကော်မရှင်က ထိုးဖောက်ဝင်ရောက်နိုင်ခြင်းမရှိသည့် အခြေအနေနှင့် ကြုံတွေ့နေရခြင်းဖြစ်သည်။