ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၅ ရက်
ရှမ်းမြောက်တွင် စစ်ကော်မရှင်နှင့် တအာင်းအမျိုးသားလွတ်လပ်ရေးတပ်မတော် (TNLA) တို့ အပစ် ရပ်စဲလိုက်ပြီးနောက် စစ်ကော်မရှင်က ၎င်းတို့ တပ်ဖြန့်ထားသည့် ရှမ်းမြောက်ရှိ တပ်များကို အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းကို ပြန်လည် ခေါ်ယူလာကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၃ ရက်နေ့တွင် ရှမ်းမြောက်ဘက်မှ ပြန်ဆင်းလာသည့် စစ်ကော်မရှင်တပ်များ စစ်သုံးကားကြီး အစီး ၅၀ ကျော်သည် မတ္တရာဘက်သို့ ကားအစီး ၄၀ ဝင်ရောက်သွားကြောင်း သိရသည်။
“မေမြို့ကနေဖြတ်ပြီး မန္တလေးကို စစ်ကားကြီး အစီး ၅၀ ဆင်းလာတယ်။ မိတ္ထီလာဘက်ကို ဆက်ဆင်း သွားတာတွေလည်းရှိတယ် မတ္တရာ ကျောက်တံတားကို အစီး ၄၀ ဝင်ပါတယ်”ဟု တော်လှန်ရေး သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထိုသို့ တပ်အင်အားများ ပို့ခဲ့ပြီးနောက် စစ်ကော်မရှင်က မတ္တရာမြို့နယ်အတွင်း စစ်ကြောင်း သုံးကြောင်း ထက်မနည်းခွဲကာ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသည့်အတွက် တော်လှန်ရေး တပ်ဖွဲ့များ တပ်စွဲထားရာနေရာအချို့မှ ဆုတ်ခွာပေးထားရကြောင်း သိရသည်။
စစ်မကော်မရှင်က ရှမ်းမြောက်မှနေ၍ အမှတ်(၁၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၂)၊ တပ်မ (၁၁) စစ်ကြောင်းများကို ပြန်ခေါ်ဆင်းလာပြီး တောင်ခမ်းမှ သီပေါ၊ မိုးကုတ်လမ်းတစ်ဝက်အထိ စကခ ၁၂၊ တပ်မ ၁၁၊ တပ်မ ၅၅ လက်အောက်ခံစစ်ကြောင်းများကို သုံးထားကြောင်း သိရသည်။
ထို့အပြင် မိုးကုတ်၊ ပြင်ဦးလွင်၊ မတ္တရာနယ်မြေများတွင် အမှတ်(၁၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၈) စစ်ကြောင်းများ ချန်ထားခဲ့ကြောင်း သိရသည်။
သိန္နီတွင် စစ်ရှုံးထားသည့် တပ်မဟာ ၁၆ ကို စကခ ၁၊ စကခ ၁၆ နှင့် ဒကစ(လောက်ကိုင်)ဘက်မှ ပျက်သွားသည့်တပ်ရင်းများဖြင့် ပြန်လည်ဖွဲ့စည်းထားပြီး လတ်တလောသိမ်းယူရရှိထားသည့် လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုတို့တွင် တပ်ဖြန့်ထားပြီး မိုင်းရယ်နှင့် တန့်ယန်းမြို့ကိုပါ တပ်ဖြန့် စောင့်ကြည့်ထားကြောင်း သိရသည်။
စစ်ကော်မရှင် ပြန်လည်တောင်းယူထားသည့် မိုးမိတ်မြို့သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) နယ်မြေအတွင်း ပါဝင်သည့်အတွက် မိုးမိတ်သို့ စစ်ကော်မရှင်စစ်ကြောင်း ဝင်နိုင်ရန် အရှေ့မြောက် တိုင်းစစ်ဌာနချုပ် နယ်မြေတစ်ခုသာရှိကြောင်း သိရသည်။
စစ်ကော်မရှင်သည် ရှမ်းမြောက်တွင် စစ်ရေးစိတ်ကြိုက်ပြင်ဆင်နေပြီး သံချပ်ကာကားများ၊ ဒရုန်းများ၊ မြေပြင်ထိုးစစ် စစ်ကြောင်းများကို မန္တလေး-မတ္တရာ-မိုးကုတ် လမ်းတစ်လျှောက်ကို ပို့ဆောင်စစ်ကြောင်း ထိုးစေကြောင်း သိရသည်။
မတ္တရာသို့ မြေပြင်စစ်ကြောင်း အင်အား ၁၀၀၀ ခန့်အပြင် သံချပ်ကာကားများ တင့်ကားများနှင့် နောင်ချိုမြို့နယ်၊ ဘန့်ဘွေးကျင်းရွာဘက်မှပါ ဆက်တိုက်ပြုလုပ်လာခြင်းဖြစ်သည်။
ပုံစာ-စစ်ကော်မရှင်တပ်ယာဉ်တန်းအားတွေ့ရစဉ်(ပုံဟောင်း)