(တီးတိန်)၊ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၅ ရက်
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ တီးတိန်-သိုင်းငင်း ကားလမ်း စစ်ကြောင်းထိုးသည့် စစ်ကော်မရှင်သည် ဆွောင်ပီးရွာမှ အရပ်သား ၁၅ ဦးကို လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး အဆက်သွယ်မရကြောင်း ဒေသခံများထံမှ သိရသည်။
တီးတိန်မြို့ ခလရ (၂၉၈) တပ်ရင်းမှ အင်အား (၁၀၀)ကျော်ဖြင့် ထွက်လာသည့် စစ်ကော်မရှင် စစ်ကြောင်းသည် နိုဝင်ဘာ ၃ ရက်နေ့ညတွင် တီးတိန် – သိုင်းငင်း ကားလမ်းပေါ်ရှိ ဆွောင်ပီးရွာမှ အရပ်သားများ ကို လမ်းပြအဖြစ် ဖမ်းဆီးခြင်းဖြစ်သည်။
“ရွာထဲကို တီးတိန်မြို့ကနေ စစ်ကြောင်းဝင်ပြီး အမျိုးသားတွေကို လမ်းပြအဖြစ် ခေါ်သွားပါတယ်။ ရွာသားတွေကို တစ်ယောက် မှ ပြန်မလွှတ်ပေးသေးပါဘူး။ စစ်ကြောင်းက အခု တီးတိန်-သိုင်းငင်း ကားလမ်းအတိုင်း ထိုးနေတုန်းပါ” ဟု တီးတိန်မြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။

ထို့အပြင် အောက်တိုဘာ၂၉ ရက်နေ့ နှင့် ၃၁ ရက်နေ့တွင် တီးတိန်မြို့မှစစ်ကြောင်းထိုးသည့် စစ်ကော်မရှင် စစ်ကြောင်း နှစ်ကြောင်းသည် တီးတိန် – သိုင်းငင်း ကားလမ်းပေါ်ရှိ ဇိုဇန်ရွာတွင် နိုဝင်ဘာ ၃ ရက်နေ့တွင် ပေါင်းမိကြောင်း သိရသည်။
“အင်အား ၃၀၀ ကျော်တယ်။ အခု ကနေဒီတောင်အနားမှာရောက်ပြီ။ လောဆယ် ထိတွေ့တိုက်ပွဲက မရှိသေးပါဘူး။ တီးတိန်- သိုင်းငင်း ကားလမ်းပေါက်အောင် ထိုးစစ်ဆင်ဖို့ဖြစ်မယ်”ဟု တီးတိန်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကော်မရှင်သည် တီးတိန်-သိုင်းငင်း-ကလေး ကားလမ်း ပြန်လည်ထိန်းချုပ်ရန်အတွက် တီးတိန်မြို့မှ တီးတိန်-သိုင်းငင်း ကားလမ်းကို အင်အား ၃၀၀ ကျော် နှင့် စစ်ကြောင်းထိုးသလို ကလေးမြို့မှ ကလေး-သိုင်းငင်း ကားလမ်းမ ကိုလည်း အင်အား ၅၀၀ ကျော်ဖြင့် ထိုးစစ်ဆင်နေသည်။
တီးတိန်မြို့မှ စစ်ကြောင်းထိုးသည့် စစ်ကော်မရှင် စစ်ကြောင်းသည် ကနေဒီတောင်အနီးတွင် ရောက်ရှိနေပြီဖြစ်ကြောင်းနှင့် ကလေးမြို့မှ ထိုးသည့် စစ်ကြောင်းသည် မွှလ်ပီကျေးရွာတွင် ရောက်ရှိနေပြီဖြစ်သည်။
တီးတိန်မြို့သည် စစ်ကော်မရှင်တပ် ထိန်းချုပ်ထားဆဲမြို့ဖြစ်ပြီး လာမည့် ဒီဇင်ဘာလတွင် ပြုလုပ်မည့်ရွေးကောက်ပွဲ အပိုင်း (၁) တွင် ပါဝင်သည်။