နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၅ ရက်
စစ်ကော်မရှင်က ဝင်ငွေခွန် ရရှိစေရန်ရည်ရွယ်ပြီး ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်နေသည့် မြန်မာအလုပ်သမားများကို လုပ်ခလစာ လွှဲပြောင်းမှုနှင့် ပတ်သက်၍ အရေးယူသွားရန် ကော်မတီတစ်ခု ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
ယင်းအတွက် ယမန်နှစ်ကတည်းက ပြင်ဆင်နေသော စစ်ကော်မရှင်သည် ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ လုပ်ခ၊ လစာများ ပိုမိုဝင်ရောက်စေရေး ကြီးကြပ်မှုကော်မတီဟူ၍ ကာ/လုံရုံးအမိန့်ဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။
နိုင်ငံများတွင် အလုပ်သမားတင်ပို့မှု (Labor export) မူဝါဒရှိကြပြီး ၎င်းတို့အတွက် သက်သာချောင်ချိရေး လုပ်ပေးရကာ စစ်ကော်မရှင်ကမူ ဒုက္ခပေးရန်သာသိ၍ ထိုဖွဲ့စည်းမှုသည် ငွေညှစ်ယူရန်သာဖြစ်ကြောင်း မြန်မာ့အရေး အကဲခတ်တစ်ဦးက ဆိုသည်။
“ဥပမာ-ဖိလစ်ပိုင်မှာဆိုရင် လေဆိပ်အဝင်မှာ ‘နိုင်ငံခြားက ငွေရှာလာတဲ့ကျေးဇူးရှင်’ တွေ သဘောမျိုး Immigration သီးသန့်လမ်းကြောင်း ထားပေးတယ်။ မြန်မာကတော့ အထွက်-အဝင်ကျပ် ဒုက္ခပေးဖို့ပဲသိတယ်” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါကော်မတီကို ဥက္ကဋ္ဌအဖြစ် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူးအား ခန့်အပ်ထားပြီး ဗဟိုဘဏ်၊ အလုပ်သမား၊ ကာကွယ်ရေးနှင့် ပြည်ထဲရေး စသည့်ဝန်ကြီးဌာနတို့ ပါဝင်ကြောင်း သိရသည်။
ပြည်ပရောက် မြန်မာအလုပ်သမားများအနေဖြင့် ၎င်းတို့လုပ်ခလစာ ၂၅ ရာခိုင်နှုန်းကို မိသားစုများထံ ပြန်လည်လွှဲပို့ရာတွင် သတ်မှတ်ထားသော ဘဏ်လမ်းကြောင်းမှ လွှဲပြောင်းရမည်ဖြစ်ပြီး ထိုအတွက် စစ်ကော်မရှင်က ဖိအားပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့မလိုက်နာလျှင် အလုပ်သမားများကို ပြည်ပထွက်ခွင့် ပိတ်ပင်ခြင်းနှင့် OWIC ကတ် ထုတ်မပေးခြင်း စသည်တို့ လုပ်ဆောင်သွားမည်ဖြစ်ပြီး ၎င်းတို့အပြင် အကျိုးဆောင်
အေဂျင်စီများကိုပါ အရေးယူသွားမည်ဟု စစ်ကော်မရှင်က ထုတ်ပြန်ထားသည်။
ယင်းအတွက် မြန်မာနိုင်ငံသံရုံးရှိသည့် နိုင်ငံများ၌ သံရုံးမှဦးစီးစေ၍ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံး၊ စစ်သံရုံး၊ စီးပွားရေးသံမှူးနှင့် အလုပ်သမားသံအရာရှိများ စသည်တို့ ဖွဲ့စည်းပြီး ကြပ်မတ်ဆောင်ရွက်ကာ ကော်မတီသို့ ပြန်လည်တင်ပြရမည်ဟု သိရသည်။
ထို့အပြင် နယ်စပ် ဝင်/ထွက်ပေါက်များ၊ ရေဆိပ်၊ လေဆိပ်များ၌ ပြည်ပနိုင်ငံထွက်ခွာမည့် အလုပ်သမားများကို ၎င်းတို့သတ်မှတ် စာရွက်စာတမ်းအထောက်အထား၊ အချက်အလက်များ ပြည့်စုံမှန်ကန်မှု ရှိမရှိ စစ်ဆေးသွားမည်ဟုဆိုသည်။