ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၅ ရက်
မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းဒေသများတွင်ဖြစ်နေသောလေဖိအားနည်းရပ်ဝန်းနှင့် ဆူလူပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသည့် ခန့်မေဂီအရှိန်ကြောင့် ယနေ့ (နိုဝင်ဘာ ၅ ရက်) ညနေပိုင်းအထိခန့်မှန်းချက်တွင် မြန်မာတစ်ဝန်းလုံး နေရာကွက်၍ မိုးကြီးနိုင်ကြောင်း စစ်ကော်မရှင် လက်အောက်ခံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။
လာမည့် နှစ်ရက်အတွင်း မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးထစ်ချုန်းပြီး နေရာကွက်၍ မိုးကြီးမည်ဖြစ်ကြောင်းပါဝင်သည်။
ရာသီဥတုဖောက်ပြန်မှုကြောင့် မိုးနှောင်းကာလနောက်ပိုင်းကျော်အထိ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်မှု၊ အပူပိုင်းမုန်တိုင်းဖြစ်ပေါ်မှုတို့ကြောင့် မိုးဆက်လက်ရွာသွန်းနေသဖြင့် စိုက်ပျိုးရေးလုပ်ကိုင်သူများ အခက်အခဲဖြစ်ပေါ်နေကြောင်း တောင်သူများထံမှ သိရသည်။
“မိုးများလို့ စပါးအထွက်နှုန်းနည်းတယ်။ စပါးရိတ်ပြီးတော့ ပဲပျိုးထားကျတဲ့တောင်သူတွေများတယ်။ အခုမိုးရွာတော့ ပဲခင်းရေဝင်လို့ အပင်တွေရေပြုတ်နေတယ်။ တချို့တောင်သူတွေ စပါးမရိတ်ရသေးတာကျန်တဲ့ တောင်သူတွေရှိတယ်။ ဒီနှစ် မိုးများတယ်။ ရာသီဥတုဖျက်တယ်” ဟု ဧရာဝတီတိုင်းဒေသရှိ တောင်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထို့ပြင် ကချင်နှင့်ချင်းတို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီး ယင်းရွှေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေကျခြင်းတို့ဖြစ်ပေါ်နိုင်သည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံမိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ကာ ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်၍ လှိုင်းအမြင့်မှာ ရှစ်ပေမှ ၁၀ ပေထိမြင့်တက်နိုင်မည်ဖြစ်သည်။
ရခိုင်ကမ်းရိုးတန်းဒေသများတွင်ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် လာမည့် ၁၂ နာရီအတွင်း မြောက် – အနောက်မြောက်ဘက်သို့ရွေ့လျားနိုင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်းဒေသများသို့ရောက်ရှိသွားမည်ဖြစ်သည်။
လက်ရှိဆူလူပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း ခန့်မေဂီသည် အနောက် – အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျားနိုင်ပြီး တောင်တရုတ်ပင်လယ်ပြင်သို့ရောက်ရှိနိုင်မည်ဟု ခန့်မှန်းထားကြောင်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။