နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၃ ရက်
ရခိုင်ပြည်နယ်တွင် စစ်ရေးပြင်းထန်လာချိန် စစ်ခေါင်းဆောင် အကြံပေးအဖွဲ့ဝင်အဖြစ်မှ ပြည်နယ် ဝန်ကြီးချုပ် ဖြစ်လာသည့် ဗိုလ်မှူးကြီးဟောင်း ဦးထိန်လင်းကို အမျိုးဘာသာ၊ သာသနာနှင့် ပညာအကျိုး ဆောင်ရွက်နေသူဟု သတ်မှတ်ကာ စစ်ကော်မရှင် လက်ဝေခံ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)က ဆရာတော်များနှင့်အတူ မဟာမင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ် ပေးအပ်ခဲ့ကြောင်း သိရသည်။
YMBA သည် ခုခံတော်လှန်မှုများကြောင့် စစ်ရှုံး၍ အထိနာနေသော စစ်ကော်မရှင် ထိန်းချုပ်မှုအောက်ရှိ စစ်တွေမြို့နယ်မှ ဆရာတော် လေးပါးနှင့် လူပုဂ္ဂိုလ် သုံးဦးတို့ကို ယမန်နေ့ နိုဝင်ဘာ ၂ ရက်တွင် မင်္ဂလဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပေးအပ်ခဲ့သည်။
ထိုသို့ပေးအပ်ရာတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းလည်း မဟာမင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် ပါဝင်ရရှိခဲ့ကြောင်း စစ်ကော်မရှင် ထုတ်ပြန်ချက်အရ သိရသည်။

အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်၏ လက်ကိုင်တုတ် ဖြစ်လာသည့် YMBA သည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အဘယရက္ခိတကျောင်းတိုက် ဆရာတော်နှင့် ရွှေစေတီပရိယတ္တိစာသင်တိုက် ဆရာတော် တို့ကို အဂ္ဂမဟာ မင်္ဂလဇောတိကဓဇ ဘွဲ့တံဆိပ်တော်၊ သဲချောင်းဆရာတော်နှင့် ရွှေတောင်ဆရာတော် တို့ကို မဟာမင်္ဂလ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့အပြင် ရခိုင်ဝန်ကြီးချုပ် ဦးထိန်လင်းက ရက္ခိတစွမ်းအား ပရဟိတအသင်းဥက္ကဋ္ဌ ဦးဝင်းမောင်မောင် အား မင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ကိုလည်းကောင်း၊ စစ်ကော်မရှင်ခန့် တိုင်းမှူးက ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း အတွင်းရေးမှူး ဦးမောင်သိန်းခိုင်အား မင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ကိုလည်းကောင်း ပေးအပ်ခဲ့ကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ဖော်ပြသည်။
လက်ရှိ YMBA တွင် အာဏာသိမ်း စစ်ခေါင်းဆောင်က ရာသက်ပန် နာယကကြီးအဖြစ် တာဝန် ယူထားပြီး ထိုဘွဲ့တံဆိပ်ကို ရရှိထားသလို ၅၅၀ ဆရာတော်ဟု လူသိများသော စစ်ကော်မရှင် လက် အောက်ခံ ပြည်သူ့စစ်နှင့် ပျူစောထီးခေါင်းဆောင်ဦးဝါသဝ၊ မကွေးဝန်ကြီးချုပ်အပါအဝင် လူပုဂ္ဂိုလ် အချို့အပြင် ယခုအခါ ရခိုင်ဝန်ကြီးချုပ် ဦးထိန်လင်းအား ထပ်မံပေးအပ်လာခြင်းဖြစ်ကြောင်း သိရသည်။

ဗိုလ်မှူးကြီးဟောင်းဖြစ်သူ ရခိုင်ဝန်ကြီးချုပ် ဦးထိန်လင်းသည် စစ်တက္ကသိုလ် (DSA) အပတ်စဉ် ၂၄ သင်တန်းဆင်းဖြစ်ပြီး စစ်ရေးချုပ်ဟောင်း ဒုဗိုလ်ချုပ်ကြီး ဆန်းဦးတို့နှင့် အပတ်စဥ်တူကာ ၎င်းသည် ယခင်က ရခိုင်ပြည်နယ်(မြောက်ပိုင်း)၊ ဘူးသီးတောင်မြို့၌ ဗျူဟာမှူး၊ ပြည်နယ်လွှတ်တော်၏ တပ်မတော်သားကိုယ်စားလှယ်အဖြစ်မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဖြစ်လာသူဖြစ်သည်။
ထို့အပြင် ၎င်းသည် လွန်ခဲ့သော ၂၀၁၂ ခုနှစ်၌ ဖြစ်ပွားခဲ့သည့် လူမျိုးရေး၊ ဘာသာရေးကိစ္စ ရခိုင်ပဋိပက္ခ၏ အဓိကတာဝန်ရှိသူများထဲ ပါဝင်နေ၍ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် နှစ်ကြိမ်တိုင် ကိုင်တွယ်ခဲ့သလို ယင်းနောက် တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အဖြစ် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၄ ရက်အထိ ထမ်းဆောင်ခဲ့ပြီး စစ်တပ်မှ အနားပေးခံရကြောင်း သိရသည်။
သို့သော် စစ်တပ်မှ အနားပေးခံရပြီးနောက် ဗိုလ်မှူးကြီးဟောင်း ထိန်လင်းသည် ၂၀၂၀ ပြည့်နှစ်၊ မေ ၂၀ ရက်တွင် နိုင်ငံ တော်သမ္မတရုံး၏ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခံရပြီး အမျိုးသားပြန်လည် သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် အကြံပြုပေးရသလို ရခိုင်မြောက်ပိုင်းရှိ ပဋိပက္ခအရေးနှင့် ပတ်သက်၍လည်း တာဝန်ယူခဲ့ကြောင်း သိရသည်။
ယင်းနောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်တွင် အာဏာသိမ်း စစ်ခေါင်းဆောင်၏ အကြံပေးအဖွဲ့ဝင် ဖြစ်လာသလို ၂၀၂၃ ခုနှစ်မှစ၍ လက်ရှိတိုင် စစ်ကော်မရှင်ခန့် ရခိုင်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူထား ဆဲဖြစ်ပြီး မြန်မာနိုင်ငံစစ်မှုထမ်းသင်္ဂဟတံဆိပ်၊ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့် ဝဏ္ဏကျော်ထင်ဘွဲ့နှင့် သီရိပျံချီဘွဲ့တို့ကို ရရှိထားသူလည်းဖြစ်သည်။
ဓာတ်ပုံ-MOI