ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၃ ရက်
ထိုင်းနိုင်ငံ၏ ကျဆင်းနေသည့် စီးပွားရေးကို မြှင့်တင်ရန် ရည်ရွယ်ကာ ထိုင်းအစိုးရက ဘတ်ငွေ ၄၅ ဘီလျံနီးပါး သုံးစွဲ၍ “Khon La Khaung Plus” (ခွန်လာခွန်းပလပ်) ဟူသည့် နိုင်ငံသားများ ဝယ်ယူသည့် ပစ္စည်းများကို အစိုးရက တစ်ဝက် ငွေပေးချေပေးမည့် အစီအစဉ်ကို စတင်လိုက်ကြောင်း သိရသည်။
အစိုးရမှ တစ်ဝက်စိုက်ထုတ်ပေးမည့် ဈေးဝယ်ယူမှု အစီအစဉ်ကို ပြီးခဲ့သည့် အောက်တိုဘာ ၂၉ ရက်နေ့က စတင်ခဲ့ပြီး ဒီဇင်ဘာ ၃၁ ရက်နေ့အထိ အကျုံးဝင်မည်ဖြစ်ကာ အဆိုပါအစီအစဉ်တွင် ထိုင်းနိုင်ငံသား သန်း ၂၀ ပါဝင်မည်ဖြစ်သည်။
ထိုင်းဝန်ကြီးချုပ် အနုထင်က ယခုကဲ့သို့အစိုးရတစ်ဝက်ငွေကြေးစိုက်ရှင်းပေးသည့် အစီအစဉ်မှာ ပြည်သူများ၏ နေထိုင်မှုကုန်ကျစရိတ်ကိုလျော့ချပေးရန်၊ ငွေကြေးသုံးစွဲမှုကိုအားပေးရန်နှင့် လူများစွာကို တရားဝင်စီးပွားရေး လုပ်ကိုင်နိုင်ရန် ရည်ရွယ်ကြောင်း ပြောဆိုခဲ့သည်။

ထိုင်းအစိုးရက အခွန်ထမ်းဆောင်ထားသည့် နိုင်ငံသားတစ်ဦးလျှင် ဘတ် ၂,၄၀၀ နှင့် အခွန်မထမ်းသူများ ကိုမူ ဘတ် ၂,၀၀၀ အထိ စိုက်ထုတ်ပေးမည်ဖြစ်သည်။ နိုင်ငံသားတစ်ဦးလျှင် တစ်နေ့လျှင် ဘတ် ၂၀၀ အထိ အများဆုံး သုံးစွဲနိုင်ပြီး၊ ကျန်တစ်ဝက်ကို အစိုးရမှ စိုက်ရှင်းပေးမည်ဖြစ်သည်။ စာရင်းပေးသွင်းထားပြီး သတ်မှတ်ကာလအတွင်း အသုံးမပြုပါက အစိုးရကရှင်းပေးမည့် တစ်ဝက်အစီအစဉ်မှာ အလိုအလျောက် ပယ်ပျက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအစီအစဉ်တွင် ဒေသတွင်းကုန်သည်များ၊ စားသောက်ဆိုင်များ၊ အနှိပ်ဆိုင်များ၊ အလှအပပြုပြင်ရေးဆိုင်များကဲ့သို့ စီးပွားရေးလုပ်ငန်းများအနေဖြင့် ထိုင်းအစိုးရနှင့် ချိတ်ဆက်ကာ စာရင်းသွင်းပါဝင်နိုင်ပြီး ၎င်းတို့ဆိုင်များမှ လာရောက်ဝယ်ယူစားသုံးသည့် နိုင်ငံသားများ၏ ကုန်ကျငွေများကို အစိုးရမှ တစ်ဝက်တိတိစိုက်ရှင်းပေးသွားမည်ဖြစ်သည်။
ထိုင်းအစိုးရ၏ “Khon La Khaung Plus” တစ်ဝက်ဝယ် အစိုးရမှတစ်ဝက်စိုက်အစီအစဉ်ကို ပြည်သူအများအပြားကကြိုဆိုခဲ့ပြီး နိုင်ငံ၏ GPD သည် ၀.၃ မှ ၁ ရာခိုင်နှုန်းအထိ တက်လာရန်ခန့်မှန်းထားကြောင်းလည်း ဘဏ္ဍာရေးဝန်ကြီး အက်နီတီကပြောကြားခဲ့သည်။
ကိုးကား – Bangkok Post