ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၃ ရက်

ရုရှားကို တိုက်ခိုက်ရာမှာ အသုံးပြုဖို့ ယူကရိန်းကို တိုမာဟော့ခ်ဒုံးကျည်တွေ ထောက်ပံ့ဖို့ မစဉ်း စားဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။

စစ်ပွဲ အရှိန်မြှင့်လာမှာကို မလိုလားဟုဆိုကာ အမေရိကန်နိုင်ငံရဲ့ ယူကရိန်းသို့ တိုမာဟော့ခ်ဒုံး ကျည်တွေ ထောက်ပံ့မယ့်အစီအစဉ်ကို ဒေါ်နယ်ထရမ့်က အင်တင်တင်ဖြစ်ခဲ့ပါတယ်။

ယူကရိန်းသို့ တိုမာဟော့ခ်ဒုံးကျည်တွေ ရောင်းချဖို့ စဉ်းစားနေပါသလားလို့ မေးမြန်းရာမှာ ‘မစဉ်း စားပါဘူး” လို့ ဖလော်ရီဒါပြည်နယ်မှ ဝါရှင်တန်မြို့တော်သို့ လေယာဉ်ဖြင့်ပြန်နေချိန် သတင်းထောက် တွေရဲ့ မေးမြန်းချက်ကို ၎င်းက ဖြေကြားခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်နဲ့ နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် မတ်ခ်ရုတေးတို့ အောက်တိုဘာလ ၂၂ ရက်က အိမ်ဖြူတော်မှာ တွေ့ဆုံချိန်မှာ တိုမာဟော့ခ်ဒုံးကျည်ကိစ္စ ဆွေးနွေးခဲ့ပါတယ်။

တိုမာဟော့ခ်ဒုံးကျည်ဟာ အကွာအဝေး မိုင် ၁၅၅၀ အထိ ရောက်ရှိနိုင်ပြီး မော်စကိုမြို့တော် အပါ အဝင် ရုရှားအတွင်းပိုင်းအထိ တိုက်ခိုက်နိုင်ပါတယ်။

ယူကရိန်းသမ္မတ ဇီလန်စကီးက တိုမာဟော့ခ်ဒုံးကျည် ထောက်ပံ့ပေးဖို့ အမေရိကန်နိုင်ငံထံ တောင်းဆိုခဲ့ပြီး ယူကရိန်းသို့ အဆိုပါဒုံးကျည်တွေ မထောက်ပံ့ဖို့ ရုရှားက သတိပေးခဲ့ပါတယ်။

ကိုးကား – Reuters
Ref; Trump says no Tomahawks for Ukraine, for now