ဧရာ၀တီတိုင်းမ်
နိုဝင်ဘာ ၃ ရက်

 

ယနေ့ တနင်္လာနေ့ နံနက်အစောဆုံးက အာဖဂန်နစ္စတန် မြောက်ပိုင်းတွင် ပြင်းအား ၆.၃ မဂ္ဂနီကျု အဆင့်ရှိ အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့ပြီး အနည်းဆုံး လူ ၁၀ ဦး သေဆုံးကာ ၂၆၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဖဂန်နစ္စတန် ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။

 

အာဖဂန်နစ္စတန်နိုင်ငံ ခူလ်မ် (Khulm) မြို့၏ အနောက်တောင်ဘက် ၂၂ ကီလိုမီတာ ၁၄ မိုင်အကွာတွင် ငလျင်လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး မြေအောက် အနက် ၂၈ ကီလိုမီတာ ၁၇ မိုင် ၌ ဖြစ်ပွားခဲ့ကြောင်း အမေရိကန် ဘူမိဗေဒ စစ်တမ်း (USGS) အရ သိရသည်။

ငလျင်ဒဏ် အဆိုးဆုံး ခံခဲ့ရသော ဘက်လ်ခ် (Balkh) နှင့် ဆာမန်ဂန် (Samangan) ပြည်နယ်များသို့ ကယ်ဆယ်ရေးအဖွဲ့များနှင့် အရေးပေါ် အကူအညီများ ရောက်ရှိနေပြီဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့သည်။

 

မြောက်ပိုင်း ဘက်လ်ခ်ခ်ပြည်နယ် မြို့တော် မာဇာရီရှာရစ်ဖ် (Mazar-e-Sharif) တွင်ရှိသည့် သမိုင်းဝင် အပြာရောင်ဗလီ (Blue Mosque) တွင် နံရံမှ အုတ်အချို့ ပြိုကျခဲ့သော်လည်း ဗလီသည် ကြီးကြီးမားမား ထိခိုက်မှုမရှိဘဲ မူလအတိုင်း တည်ရှိနေဆဲ ဖြစ်ကြောင်း လူမှုကွန်ရက်ပေါ်ရှိ ရုပ်သံများက ဖော်ပြထားသည်။

 

ငလျင်လှုပ်ခတ်မှုကြောင့် ကာဘူးလ်နှင့် မာဇာရီရှာရစ်ဖ်ကို ဆက်သွယ်ထားသည့် ပင်မ အဝေးပြေး လမ်းမကြီးပေါ်တွင် တောင်ပေါ်မှ ကျောက်တုံးများ ပြိုကျ၍ ခေတ္တပိတ်ဆို့ခဲ့ရပြီး လမ်းပေါ်တွင် ဒဏ်ရာရသူအချို့ကို ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။

 

ငလျင်လှုပ်ခတ်မှု အတွေ့အကြုံများသော အာဖဂန်နစ္စတန်တွင် လွန်ခဲ့သောနှစ်များကလည်း ကြီးမား သည့် ငလျင်များ ဖြစ်ပွားခဲ့သည်။

 

၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့က ၆.၀ မဂ္ဂနီကျု ငလျင်ကြောင့် လူ ၂,၂၀၀ ကျော် သေဆုံးခဲ့ပြီး၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့က ၆.၃ မဂ္ဂနီကျု ငလျင်လှုပ်ခတ်မှုကြောင့် လူ ၄,၀၀၀ ကျော် သေဆုံးခဲ့သည်။

ကိုးကား-AP
Ref; Powerful 6.3 magnitude earthquake kills at least 10 people in northern Afghanistan