ဧရာဝတီတိုင်းမ်
‎‌နိုဝင်ဘာ ၂ရက်

ရွေးကောက်ပွဲကျင်းပမည်ဟု ထုတ်ပြန်ထားသည့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူတွင် စစ်ကော်မရှင်နှင့် အာရက္ခတပ်တော် ( AA) တို့ အပြင်းအထန်တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

 

ဇိုင်ချောင်းကျေးရွာအနီး၊ ကုလာဘာ၊ ချောင်းဝနှင့် လမ်းကွဲတွင် ယခု ရက်ပိုင်းအတွင်း တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

“လမ်းကွဲဘက်မှာ တိုက်ပွဲပြင်းထန်နေတယ်။ စစ်တပ်က လက်နက်ကြီးတွေနဲ့ပစ်တယ်။ AAက တစ်ချက်၊ တစ်ချက် ပြန်ပစ်တာရှိတယ်။ အငိုက်ဖမ်းပြီး တိုက်ခိုက်လို့ စစ်တပ်ကအကျအရှံးများတယ်” ဟု ကျောက်ဖြူသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၃၁ရက်နေ့က အမှတ် (၃၂) ရဲတပ်ရင်းမှ သိုင်းချောင်း ကျေးရွာဘက် စစ်ကြောင်းထိုးတက်လာသည့် စစ်ကော်မရှင်တပ်ကို AA ကကြားဖြတ်တိုက်ခိုက်ရာ ဇိုင်ချောင်း ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ‎တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်များ စစ်ကြောင်းတစ်ခုလုံးနီးပါး ထိခိုက်သေဆုံးမှုရှိကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၄ရက်နေ့ကလည်း သိုင်းချောင်း အထိုင်တပ်သို့ စစ်ကူလာသည့် စစ်ကော်မရှင် စစ်ကြောင်းတိုက်ခိုက်ခံရပြီး အလောင်းပင် ကောက်ယူနိုင်ခြင်းမရှိကြောင်း သိရသည်။ ‎ယခုဖြစ်ပွား နေသည့် လမ်းကွဲအနီး တိုက်ပွဲကို စစ်ကော်မရှင်က မြေပြင်ထိုးစစ်အပြင် ဒရုန်းနှင့် လေကြောင်း ပစ်ကူများပါ ပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ရေတပ်ဌာနချုပ်များမှ လက်နက်ကြီးပစ်ကူနှင့် ပင်လယ်ပြင်တွင် ကင်းလှည့်သွားလာနေသည့် စစ်သင်္ဘောများမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သိရသည်။

AA တပ်ဖွဲ့ဝင်များသည် တပ်ဆုတ်ဟန်ပြပြီးနောက် ရှေ့တိုးလာသည့် စစ်ကော်မရှင်တပ်ကို ပိတ်ဆို့ တိုက်ခိုက်သည့်အတွက် စစ်ကော်မရှင်တပ်မှ အရာရှိများအပါအဝင် တပ်ဖွဲ့ဝင်များ အထိနာလျက် ရှိကြောင်း သိရသည်။

ဓာတ်ပုံ-အင်တာနက်(ပုံဟောင်း)