ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂ ရက်
ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းဆက်လက်တည်ရှိနေကာ လာမည့်တစ်ပတ်အတွင်း ဒေသအလိုက်နေရာကွက်၍ မိုးကြီးမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ) က ထုတ်ပြန်သည်။
ယနေ့ နိုဝင်ဘာ ၂ ရက် မှ ၆ ရက်နေ့အတွင်း တိုင်းနှင့် ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများ တွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုး/ဇလ က ဆိုသည်။

ရန်ကုန်မြို့အတွင်း ယနေ့ နံနက်ပိုင်းမှစတင်ကာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးလေ့ရှိသည့်နေရာများတွင် ရေကြီးရေလျှံမှုဖြစ်ပေါ်နေကြောင်းသိရသည်။ ထို့ပြင်ယမန်နေ့ နိုဝင်ဘာ ၁ ရက်နေ့ ညနေပိုင်းက တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကျင်းပနေသည့် တောင်ကြီးမြို့တွင် မိုးသည်းထန်ရွာသွန်းမှုကြောင့် ပွဲပျက်ခဲ့သည်။
နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်၊ ကရင်နီပြည်နယ်(ကယား)ပြည်နယ်၊ ကရင်ပြည်ယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်ပြီး မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း မိုး/ဇလက ထုတ်ပြန်သည်။
မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းတို့ကိုသတိထားရမည်ဖြစ်သည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ကာ ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ၉ ပေမှ ၁၁ ပေခန့် ရှိနိုင်ကြောင်းမိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – မိုး/ဇလ၊ လူမှုကွန်ရက်