ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂ ရက်
နတ်ရေကန်တိုက်ပွဲတွင် စခန်းပြန်ရယူရန် စစ်ကူလာရောက်သည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရပြီး ချင်းကာကွယ်ရေးတပ် -အရှို (CDF -Asho) က စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၆ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
CDF-Asho သည် ပြီးခဲ့သည့် စက်တင်ဘာလမှ အောက်တိုဘာလအထိ စစ်ကော်မရှင်၏ မတရားသဖြင့် စစ်မှုထမ်းရန် စုဆောင်းခြင်းခံရသော စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၆ ဦး အရှင်ဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် နတ်ရေကန်လမ်း ဟောင်းတစ်လျှောက် နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ် လက်နက်ငယ် လေး လက်နှင့် ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ကြောင်း CDF-Asho က ယနေ့ နိုဝင်ဘာ ၂ ရက်နေ့တွင် ထုတ်ပြန်လာသည်။
ချင်းကာကွယ်ရေးတပ် ( အရှို ) သည် နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကူလာရောက်သည့် စစ်ကော်မရှင် စစ်ကြောင်းများကို အခြားတော်လှန် ရေးမဟာမိတ်တပ်များနှင့် ပူးပေါင်းလျက် ကြားဖြတ် တိုက်ခိုက် ခြင်းနှင့်အတူ ခုခံထိုးစစ်ဆင် တိုက်ခိုက်မှုများပြုလုပ်လျက်ရှိကြောင်း CDF-Asho ထံမှ သိရသည်။

စစ်ကော်မရှင်က နတ်ရေကန်စခန်းဗျူဟာကုန်းမကျရှုံးစေရေးအတွက် လေကြောင်းပစ်ကူ၊ စစ်ကူများ အဆက်မပြတ်ပေးနေမှုများကို CDF-Ashoသည် အခြားတော်လှန်ရေးမဟာမိတ်တပ်များနှင့်အတူ ပူးပေါင်း စစ်ဆင်တိုက်ပွဲများ၌ ပါဝင်ခဲ့ကြောင်း သိရသည်။
နတ်ရေကန်တိုက်ပွဲ နှစ်လအတွင်း CDF-Asho မှ တပ်ဖွဲ့ဝင်နှစ်ဦး အသက်ပေးလှူရပြီး ခြေလက်အင်္ဂါဆုံး ရှုံးသူနှစ်ဦး၊ အခြားထိခိုက်ဒဏ်ရာရရှိသူ တပ်ဖွဲ့ဝင် ခုနစ် ဦးအထိရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် စစ်ကော်မရှင်သည် နတ်ရေကန်ဗျူဟာသို့ အင်အားအပြည့်ပါ စစ်ယာဉ်တန်းများနှင့် ခြေလျင်စစ်ကြောင်းများကို ဆက်တိုက်ပို့ဆောင်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
ဓာတ်ပုံ-CDF-Asho