(ဖလမ်း)၊ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁ ရက်

 

မကွေးတိုင်းနှင့် ချင်းပြည်နယ်အစပ် ဖလမ်းမြို့နယ်၊ ဟားခါးလေးကျေးရွာကို စစ်ကော်မရှင် စစ်ကြောင်းမှ ယမန်နေ့ အောက်တိုဘာ ၃၁ ရက်နေ့၊ ညနေ လေးနာရီဝန်းကျင်တွင် ဝင်ရောက်မီးရှို့ခဲ့ကြောင်း စစ်ရေးသတင်းအရင်းမြစ်ထံမှ သိရသည်။

 

ကလေးမြို့နယ်၊ ထိုမာရွာမှ ကလေး-ဂန့်ဂေါ ကားလမ်းအတိုင်း စစ်ကြောင်း ထိုးလာသည့် စစ်ကော်မရှင် စစ်ကြောင်းသည် ယမန်နေ့က ကလေးမြို့နယ်၊ သံဖိုရွာကို မီးရှို့ပြီးနောက် ဟားခါးလေးရွာကို ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

 

“မနေ့က နေ့လယ်လောက်မှာ သံဖိုရွာထဲကို စစ်ကြောင်းဝင်လာတယ်။ အဲစစ်ကြောင်းက သံဖိုရွာကိုလည်း မီးရှို့သွားပြီးတော့ ဟားခါးလေးရွာဘက် စစ်ကြောင်း ထပ်ထိုးတာ။ ညနေပိုင်းမှာ ဟားခါးလေးရွာကို မီးရှို့ဖျက်ဆီးသွားတယ်”ဟု ချင်းစစ်ရေးသတင်းအရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဟားခါးလေးရွာကို မီးရှို့ပြီးသည့် စစ်ကော်မရှင် စစ်ကြောင်းသည် ဖလမ်းမြို့နယ် အနောက်ဖက်ရှိ ရေစိုရွာတွင် ယမန်နေ့ ညအိပ်ရပ်နားခဲ့ပြီးနောက် ယနေ့ နိုဝင်ဘာ ၁ ရက်နေ့မနက်တွင် အရှေ့ဘက်ခြမ်းကို စစ်ကြောင်းထိုးနေကြောင်း သိရသည်။

 

“ရေစိုရွာကနေ ဒီမနက် အရှေ့ဘက် ဖလမ်းမြို့ကို ဦးတည်ပြီး စစ်ကြောင်းထွက်သွားတယ်။ အင်အားက ၂၀၀ လောက်ရှိမယ်။ ကင်းထောက်ဒရုန်းတွေ အသုံးပြုပြီး သွားတာတွေ့ရတယ်။ လမ်းမှာတောက်လျှောက် တိုက်ပွဲလည်းဖြစ်တယ်”ဟု ချင်းစစ်ရေးသတင်းအရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

အဆိုပါ စစ်ကြောင်းသည် အောက်တိုဘာလ ၂၇ ရက်နေ့မှစ၍ ကလေးမြို့၊ ထိုမာရွာမှ ကလေး-ဂန့်ဂေါ ကားလမ်းအတိုင်း တက်လာသည့် စစ်ကြောင်းဖြစ်ပြီး လမ်းတွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် နေ့စဥ်ထိတွေ့မှုရှိကြောင်း သိရသည်။

 

ထိုစစ်ကြောင်းသည် ကလေး-ဂန့်ဂေါ ကားလမ်းတလျောက်ရှိ နတ်ချောင်း၊ နတ်မြောင်း၊ ထောက်ကြန့်၊ သံဖို စသည့်ကျေးရွာများရှိ ပစ္စည်းများခိုးယူပြီး နေအိမ်များ မီးရှို့ဖျက်ဆီးမှုပြုလုပ်နေကြောင်း သိရှိရသည်။