ဧရာဝတီတိုင်းမ်
‌နိုဝင်ဘာ ၁ ရက်

ညောင်ဦးမြို့နယ်၊ ငါ့သရောက်ရဲစခန်းမှ ထွက်လာသည့် စစ်ကော်မရှင်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက် ခံရပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၀ ကျော် ထိခိုက်သေဆုံးကြောင်း သိရသည်။

ငါ့သရောက်ရဲစခန်းမှ ထွက်ခွာလာသည့် အင်အား ၁၀၀ ခန့်ပါ ‌စစ်ကော်မရှင်စစ်ကြောင်းကို ပြီးခဲ့သည့် အောက်တိုဘာ ၂၉ ရက် ‌နံနက် ၈ နာရီကျော်ခန့်တွင် ကန်နားပေါက်တဲတိုက်အနီး၌ တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဖရိုဖရဲဖြစ်ပြီး ဆုတ်ခွာထွက်ပြေးသွားကြောင်း ပုဂံပြည် ဘီလူးအဖွဲ့က ထံမှ သိရသည်။

“ခန့်မှန်း က ၂၀ ကျော်ပါ။ ဆေးရုံမှာ သေတာက ၈ လောင်းပါ။ လောလောဆယ်က ဆေးရုံမှာ ဆေးကု နေတာ ၁၀ ကောင်။ သူတို့ဘက်မှာ ဝေဟင်က Drone တွေရောပါတယ်။ ပွဲချိန် နာရီဝက်လောက်ပဲ ကြာပါတယ်”ဟု ညောင်ဦးမြို့နယ် တာဝန်ခံ ကိုဇီးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကော်မရှင်စစ်ကြောင်းများ ပြန်လန်ကျပြီးနောက် နောက်ထပ်စစ်ကူများရောက်ရှိလာကာ ဒရုန်းများ အသုံးပြုပြီး မီးလောင်ဗုံးများချခဲ့သောကြောင့် အိုရင်းရွာရှိ နေအိမ် ၁၅ လုံးခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိသည့် စစ်ကော်မ ရှင်တပ်ဖွဲ့ဝင် ၁၈ ဦးကို ညောင်ဦးဆေးရုံကြီးသို့ ပို့ ဆောင်ကုသထားပြီး တိုက်ပွဲနေရာတွင်ပင် ၈ ဦးသေ ဆုံးကြောင်း ပုဂံပြည်ဘီလူးတပ်ကထုတ်ပြန်ထား သည်။

အိုရင်းရွာဘက်သို့ စုဖွဲ့မှုပြုလုပ်ပြီး စစ်ကြောင်းလိုက် တပ်ဖြန့်လာသည့် စစ်ကော်မရှင်စစ်ကြောင်းကို ရွာပုလဲနှင့် အိုရင်းရွာကြားအရောက်တွင်တော်လှန်ရေးတပ်ဖွဲ့များက RPG ၂ လုံး၊ အီနာဂါ၊ ကလလ ငါးကြင်း မြီး၊ လက်နက်ငယ်များနှင့် ဆက်တိုက်ပစ်ခတ်ခဲ့သည့် အတွက် စစ်ကော်မရှင်တပ်များ တပ်လန်ထွက်ပြေးရခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၈ ရက် ညနေပိုင်းတွင် ငါ့သရောက်မြို့နှင့် အရှေ့တောင်ဘက် ၆ ကီလိုမီတာ ဝန်းကျင်အကွာ အိုရင်းရွာအနီး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကော်မရှင်တပ်များသည် အောက်တိုဘာ ၂၉ ရက်နေ့တွင် စစ်ကြောင်းလိုက်တက်လာခြင်းဖြစ်သည်။

စစ်ကြောင်းနောက်ပြန်ဆုတ်စေရန် တိုက်ခိုက်ခံလိုက်ရပြီးနောက် စစ်ကော်မရှင်တပ်များသည် တပ်ဆုတ်၍ ရွာပုလဲဘုန်းကြီးကျောင်းတွင် ယာယီအခြေပြုနေခဲ့ရာ အင်အားပြည့်အဖွဲ့များ ထပ်မံ ရောက်ရှိလာပြီး အင် အား ၅၀၀ ခန့် အခြေပြုနေကြောင်း တပ်သတင်းရင်းမြစ်ထံမှ သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ညောင်ဦးမြို့နယ် ပကဖ၊ ပုဂံပြည်ဘီလူးတပ်နှင့် ညောင်ဦးခရိုင်အထူး တိုက်ခိုက်ရေးအဖွဲ့၊ မဟာမိတ်ညီနောင်များ၊ ငါ့သရောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Pops Production Guerrila Force PPGF၊ Garuda Secret Force ပုဂံဂဠုန်တပ်၊ မြင်းခြံခရိုင်တပ်ရင်းအမှတ် ၃၊ ညောင်ဦးခရိုင် အမှတ် (၁) တပ်ရင်း၊ အမှတ် (၅) တပ်ရင်းတို့ ပါဝင်တိုက် ခိုက်ခဲ့ကြောင် သိရသည်။

ဓာတ်ပုံ-Bagan Ogre Force

ပုံစာ-ပုဂံပြည်ဘီလူးတပ်ဖွဲ့ဝင်များ(ပုံဟောင်း)