ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁ ရက်

 

မကြာခင်ကျင်းပမည့် စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲ နှင့်ပတ်သက်၍ ဝေဖန်ပြောဆိုသူများကို စောင့်ကြည့်ဖမ်းဆီးရာတွင် အနုပညာရှင်များအပါအဝင် ဖမ်းဆီးထိန်းသိမ်းထားသူ ၈၈ ဦးအထိရှိလာပြီ ဖြစ်ကြောင်း စစ်ကော်မရှင်က ထုတ်ပြန်လိုက်သည်။

 

ထို့ပြင် ကျူးလွန်သူများကို ထိရောက်စွာ အရေးယူမည်ဟုလည်း ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် က ခြိမ်းခြောက်ပြောဆိုလိုက်ကြောင်း သိရသည်။

 

စစ်ကော်မရှင်၏ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ယမန်နေ့ အောက်တိုဘာ ၃၁ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာ ဗဟိုကော်မတီ အစည်းအဝေးတွင် ခြိမ်းခြောက်ပြောကြားမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

စစ်ကော်မရှင်သည် အဆိုပါ ရွေးကောက်ပွဲကာကွယ်ပေးရေးဥပဒေကို ဇူလိုင်လတွင် ပြဋ္ဌာန်းခဲ့ပြီး၊ ယခု အောက်တိုဘာ ၂၉ ရက်နေ့အထိ ယင်းဥပဒေဖြင့် အမျိုးသား ၈၃ ဦး နှင့် အမျိုးသမီး ၅ ဦး စုစုပေါင်း ၈၈ ဦး ကို ဖမ်းဆီးထားကြောင်း ထုတ်ပြန်ခဲ့သည်။

 

“လူတွေကို ကြောက်အောင်ခြောက်နေတာ။ လူ့အခွင့်အရေးကို စော်ကားနေတာပဲလို့မြင်တယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘာမှ မလုပ်ရဲအောင် ဖမ်းဆီးနေတယ်။ အကောင့်အတုသုံးလည်း ဖမ်းခံရတာတွေ ရှိနေတာပဲဆိုတော့ ဘာမှမလုံခြုံဘူး။ ဘာမှမဟုတ်တာနဲ့ အဖမ်းမခံရဖို့လိုတယ်” ဟု ရန်ကုန်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

 

ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က လက်ရှိရွေးကောက်ပွဲကာလအတွင်း ရွေးကောက်ပွဲလုံခြုံရေးကို ထိခိုက်စေသော လှုံ့ဆော်မှုများ၊ ဝါဒဖြန့်မှုများ ကျူးလွန်နေသူများကို စုံစမ်းဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ထပ်မံဆိုသည်။

 

လက်ရှိဖမ်းဆီးမှုများနှင့်ပတ်သက်၍ “အခုအခင်းအကျင်းအရတော့ ဆိုရှယ်မီဒီယာပေါ်မှာ Post တင်တာတို့၊ Share တာတို့ မဟုတ်ဘဲ Reaction ပေးတာကိုပါ စောင့်ကြည့်ပြီး ဖမ်းဆီးတာတော့ တွေ့ရတယ်။ Facebook မှာ အများဆုံးစောင့်ကြည့်တယ်။ အခုကတော့ Facebook မှာ ကျင့်သုံးတဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုတွေကို ဖိနှိပ်တာပဲ” ဟုမြန်မာအင်တာနက်အဖွဲ့ မှ ပြောရေးဆိုခွင့်ရှိသူက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

 

ယင်းဥပဒေဖြင့် စတင်ဖမ်းဆီးခံရသူမှာ လားရှိုးမြို့မှ တောင်ကြီးမြို့တွင် စစ်ရှောင်နေသူတစ်ဦး ဖြစ်သည်။ ၎င်းသည် မူရင်းနာမည် ဦးနေသွေး အစား Lashio baegyi နာမည်ဖြင့် Facebook လူမှုကွန်ရက်ကို သုံးစွဲခြင်းဖြစ်သော်လည်း စက်တင်ဘာ ၉ ရက်နေ့တွင် စတင် ဖမ်းဆီးခံခဲ့ရသည်။

 

စစ်အုပ်စု ပြင်ဆင်နေသည့် အတုအယောင်ရွေးကောက်ပွဲအတွက် “ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ” ကို ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၉ ရက်တွင် ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။

 

ယင်းဥပဒေအရ အတုအယောင်ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ပျက်ပြားစေရန် ဟောပြော၊ ပြောဆိုခြင်း၊ စည်းရုံးခြင်း၊ လှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း၊ စာရေးသားဖြန့်ချီခြင်းတို့ကို တားမြစ်ထားသည်။ အကယ်၍ တားမြစ်ချက် ကျူးလွန်ပါက ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ်အနည်းဆုံး ၃ နှစ်မှ ၇ နှစ်အပါအဝင် ငွေဒဏ် ချမှတ်ခံရမည်ဖြစ်ကြောင်း ပါဝင်သည်။

 

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်၊ စစ်ကောင်စီ