ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁ ရက်

 

ထိုင်းနိုင်ငံတွင် အနုပညာလုပ်ငန်းများ လာရောက်လုပ်ကိုင်ကြသည့် စစ်ကော်မရှင်လက်ဝေခံ Boycott-BC (သပိတ်မှောက်) စာရင်းဝင် အနုပညာရှင်များကို ထိုင်းရောက်မြန်မာနိုင်ငံသားများက တက်ကြွစွာ သပိတ်မှောက်နေကြောင်း သိရသည်။

 

ထိုင်းရောက်ပြည်သူများ၏ တက်ကြွစွာပါဝင်မှုကြောင့် အဆိုပါ BC စာရင်းဝင်အနုပညာရှင်များ၏ ရှိုးပွဲများ၊ ရုံတင်ဇာတ် ကားများ၊ အနုပညာလုပ်ငန်းများမှာ ပိတ်သိမ်းခြင်း၊ ရက်ရွှေ့ဆိုင်းခြင်းများ ပြုလုပ်နေရကြောင်းလည်း သိရသည်။

 

ဘန်ကောက်တွင် ယနေ့နိုဝင်ဘာ ၁ ရက်နေ့တွင် ကျင်းပမည့်ဟု ကြေညာထားသည့် အဆိုတော်ရွှေထူး၊ အုပ်စိုးခန့်တို့ ပါဝင်ဖျော်‌ဖြေမည့် Music Festival ကိုလည်း ပြည်သူများ၏ သပိတ်မှောက်ခြင်းကြောင့် ပြီးခဲ့သည့်ရက်ပိုင်းတွင်ပင် ပွဲစီစဉ်သူများက ဖျက်သိမ်းပေးခဲ့ရသည်။

ထိုင်းရှိ စစ်ကော်မရှင် လက်ဝေခံအနုပညာရှင်များ၏ လှုပ်ရှားမှုများနှင့် အဆိုပါအနုပညာရှင်များကို တစ်ဆင့်ကြေညာပေးနေသည့် အွန်လိုင်းဆယ်လီများ၊ ဈေးဆိုင်များကို Social Punishment (လူမှုရေးပြစ်ဒဏ်) ပေးကြရန် Fncc Burma Fact Check Community အဖွဲ့မှ ဦးဆောင် လှုံ့ဆော်ပေးနေခြင်းဖြစ်သည်။

 

“လူတွေရဲ့ စိတ်ခံစားချက်တွေက ဒီကာလမှာ ထွက်ပေါက် မဲ့နေကြတယ်။ အဲဒီအတွက် စိတ်ထွက်ပေါက် အဖြစ် BC နောက်ကိုလိုက်လာအောင် နှိုးဆော်ပေးရင် ဒီစိတ်ထွက်ပေါက်က တော်လှန်ရေး အတွက် အင်မတန် အကျိုးရှိတဲ့ ထွက်ပေါက်တစ်ခု ဖြစ်လာမယ်” ဟု လည်း Fncc မှတာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

အလားတူ ဘန်ကောက်တွင်ကျင်းပမည့် အဆိုတော် ဝိုင်းဝိုင်း၊ မျိုးကြီး၊ ဇော်ပိုင်တို့ပါဝင်မည့် IC Show ပွဲကိုလည်း ထိုင်းရောက်မြန်မာပြည်သူများကသပိတ်မှောက်ကြသည့်အတွက် IC Show ပွဲကို ကြော်ငြာပေးသည့် စားသောက်ဆိုင်များ၊ အွန်လိုင်းဆယ်လီများမှ ပြန်လည်တောင်းပန်ခြင်းများ ပြုလုပ် ခဲ့ကြကြောင်းလည်း သိရသည်။

ထို့ပြင် ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့တွင် ပြသရန်စီစဉ်ထားသည့် စစ်ကော်မရှင်‌ဒေါက်တိုင် အနုပညာရှင်များဖြစ်သည့် နေဝင်း၊ ခင်ဝင့်ဝါ တို့အပါအဝင် အနုပညာရှင်များစွာပါဝင်သည့် “ဗြောသံ” ရုပ်ရှင် ဇာတ်ကားကိုလည်း သပိတ်မှောက်ကြရာ လာရောက်ကြည့်သူရှုသူမရှိပဲ Boycott လုပ်ခြင်းအောင်မြင် ခဲ့ကြောင်း သိရသည်။

 

“ရုံတင်တဲ့ ကုန်တိုက်ကိုပါ BC လိုက်တော့ လူသွားနည်းသွားတယ် တော်တော်လူပါးသွားတယ် ပြောတယ်။ ကျန်တာတော့ မသိရသေးပါဘူး။ ကုန်တိုက်ပိုင်ရှင်က ဖြိုးငွေစိုးနဲ့ နောက်တစ်ယောက် ကျန်အုံးမယ်” ဟု Fncc ထံမှ သိရသည်။

 

လက်ရှိတွင် စစ်ကော်မရှင်ဒေါက်တိုင်အနုပညာရှင်များနှင့် ၎င်းတို့၏အနုပညာလုပ်ငန်းများကို ပြည်သူများက တက်ကြွစွာသပိတ်မှောက်နေပြီး သရုပ်ဆောင်နေတိုး၊ နေဝင်း၊ မြင့်မြတ်၊ ခြူးလေး၊ မေမြင့်မိုရ် တို့ပါဝင်သည့် စစ်တပ်၏ ရွေးကောက်ပွဲပညာပေး ဇာတ်လမ်းဖြစ်သည့် “ခေတ်သမိုင်းကိုဒုန်းစိုင်းမည့်သူများ” ဇာတ်ကားမှာလည်း ပြည်သူများ၏ စိတ်ဓာတ်တက်ကြွမှုကို တစ်ထောင့်တစ်နေရာမှ အင်အားဖြစ်စေခဲ့ ခြင်းလည်း ဖြစ်သည်။

ဓာတ်ပုံ – အင်တာနက်