ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃၁ ရက်

ဧရာ၀တီတိုင်း၊ ဟိုင်းကြီးကျွန်းမြို့တွင် လူငယ်တစ်ဦးကို စစ်မှုထမ်းပါသည်ဟုဆိုကာ အုပ်ချုပ်ရေးမှူးမှ လာရောက်ခေါ်ဆောင်ပြီး အခြားဒေသသို့ရောင်းစားသည့်ဖြစ်စဉ်တစ်ခု အောက်တိုဘာ ၂၉ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။

အမှတ် ၂ ရပ်ကွက်တွင်နေထိုင်သော အသက် ၃၀ အရွယ် လူငယ်တစ်ဦးကို အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်မှ လာရောက်ခေါ်ဆောင်သွားပြီး ရေကြည်မြို့နယ်ဘက်သို့ စစ်မှုထမ်းအစားထိုးအဖြစ် ရောင်းချခဲ့ခြင်းဖြစ်သည်။

“ပါသွားတဲ့ကောင်လေးတွေက အကြွေးတွေများနေလို့ အုပ်ကြီးက စစ်ထဲ၀င်ရင် ပြေလည်မယ်။ ငွေလည်းပေးမယ်ဆိုပြီး ခေါ်သွားတာပဲ”ဟု ဒေသခံများက ဧရာ၀တီတိုင်းမ်ကိုပြောသည်။

အဆိုပါအုပ်ချုပ်ရေးမှူး ဦးမင်းနိုင်သည် စစ်မှုထမ်းအစားထိုးရန်အတွက် ရောင်းစားသည့်ဖြစ်စဉ် နှစ်ကြိမ်ရှိပြီဖြစ်ကာ ကျန်ခဲ့သောမိသားစုများကို ငွေကြေးအပြည့်အ၀မပေးကြောင်းသိရသည်။

ဧရာ၀တီတိုင်းရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် အုပ်ချုပ်ရေးမှူးများက လူပွဲစားများနှင့်ပေါင်းကာ လူငယ်များကိုဖမ်းဆီးပြီး စစ်မှုထမ်းအဖြစ်ရောင်းစားမှုများပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။