ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃၁ ရက်
စစ်ကော်မရှင်က စစ်အင်္ဂါစဉ်ပျက်နေသည့် အမှတ် (၃) စစ်ဆင်ရေး အထူးအဖွဲ့ (ကစထ-၃) မှူးနေရာကို နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ်စိုးမင်းကို ပြောင်းလဲ ခန့်အပ်လိုက်ကြောင်း သိရသည်။
အဆိုပါ ကစထ-၃ မှူးနေရာတွင် တာဝန်ထမ်းဆောင်ခဲ့သည် ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်မှာ ယခု လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်၍ ၎င်းနေရာကို အစားထိုးခန့်အပ်ခြင်းများပြု လုပ်လာခြင်းဖြစ်သည်။
စစ်ကော်မရှင်သည် ပြီးခဲ့သည့်အောက်တိုဘာက ဖွဲ့စည်းပုံပြောင်းလဲခဲ့၍ စစ်တိုင်းနှစ်ခုကိုသာ အုပ်ချုပ်ရန်ကျန်ခဲ့သည့် ကစထ-၃ နေရာကို အပြောင်းအလဲပြုလုပ်လာခြင်းဖြစ် ကြောင်း သတင်းရင်း မြစ်ထံမှ သိရသည်။

“ပထမအပြောင်းအလဲကလည်း ၂၀ ကျော်ရှိထားတယ်။ ရွေးကောက်ပွဲဝင်မယ့် စာရင်းတွေက ထွက်လာပြီဆိုတော့ နောက်ထပ်အပြောင်းအလဲတွေလည်း ရှိလာနိုင်တယ်”ဟု တပ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရခိုင်ပြည်နယ်နှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) ဧရာဝတီတိုင်းဒေသကြီးနှစ်ခုကို စီမံအုပ်ချုပ်ရသည့် ကစထ-၃ မှာ ရခိုင်တစ်ပြည်နယ်လုံး မြို့နယ်သုံးခု သာကျန်ပြီး ကျန်မြို့နယ်အားလုံးကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားသည်။
လက်ရှိကျန်နေသည့် ဧရာဝတီတိုင်းတွင်လည်း လေးမျက်နှာ၊ ရေကြည်၊ အင်္ဂပူနှင့် သာပေါင်းမြို့နယ်တို့မှ နေရာအချို့ကို AA က သိမ်းပိုက်ထားသည့်အတွက် စစ်ကော်မရှင်နှင့် စစ်ရေးတင်းမာလျက်ရှိသည်။
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာ လကုန်ပိုင်းတွင် ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း (၁) တွင် ရခိုင် သုံးမြို့နယ်ပါဝင်လာရာ လက်ရှိရွေးကောက်ပွဲကျင်းပမည့် ကျောက်ဖြူမြို့နယ်တွင် စစ်ကော်မရှင်နှင့် AA တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး ရွေးကောက်ပွဲကျင်းပနိုင်မည့် အခွင့်အရေးနည်းပါးနေကြောင်း သိရသည်။
ထိုသို့ အခက်အခဲများနှင့် ရင်ဆိုင်နေရသည့် ကစထ ၃ နေရာကို အခြားစစ်တိုင်းမှူးများနည်းတူ အပြောင်း အလဲပြုလုပ်လာခြင်းဖြစ်သည်။ ပြီးခဲ့သည့် အောက်တိုဘာ နောက်ဆုံးပတ်က စစ်ကော် မရှင်၏ စစ်တိုင်းမှူး၊ တပ်မမှူး၊ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးများ၊ စကခမှူးများကို စစ်ခေါင်း ဆောင်က နေရာအပြောင်းအရွှေ့ပြုလုပ်ခဲ့သည်။
စစ်တက္ကသိုလ်ကျောင်းအုပ်ကို စစ်ရေးဆိုင်ရာဆွေး နွေးမှုများပြုလုပ်နေရသည့် အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် ရလခ(ခိုလန်)စစ်တိုင်းမှူးအဖြစ် ပြောင်း ရွှေ့ခဲ့ပြီး စကခ ၁၂ စကခမှူး၊ တပ်မ ၈၈ မကွေးတပ်မမှူး၊ တပ်မ ၁၁ (အင်းတိုင်)ဒုတပ်မမှူးစသည်တို့ကိုလည်း နေရာအပြောင်းအလဲများ ပြုလုပ်ခဲ့သည်။
ထို့အပြင် စစ်ရာထူးခန့်ချုပ်ရုံးမှ တာဝန်ရှိသူများအပြင် အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားနေသည့် စစ်တွေ ဒကစမှူးနေရာကိုပါ စစ်ကော်မရှင်ကပြောင်း လဲလိုက်သည်။
ပုံစာ- ပုံ(၁) ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော် ၊ ပုံ(၂)ဗိုလ်ချုပ်စိုးမင်း