ဧရာဝတီတိုင်းမ်
(ကရင်နီ)၊ အောက်တိုဘာ ၃၁ ရက်
ကရင်နီပြည်နယ်အတွင်း စစ်ကော်မရှင်၏ တရားမဝင်ရွေးကောက်ပွဲ အပိုင်း-၂ ကျင်းပမည့် မြို့နယ်များ စာရင်းတွင် စစ်တပ်မှအပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် ဒီးမော့ဆို နှင့် ဖရူဆို မြို့နယ်တို့ ပါဝင် လာကြောင်းသိရသည်။
စစ်ကော်မရှင်က ရွေးကောက်ပွဲအပိုင်း-၂ ကို လာမည့် ၂၀၂၆ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက် နေ့တွင် ထပ်မံ ကျင်းပမည်ဟုကြေညာခဲ့ခြင်းဖြစ်သည်။
စစ်ကော်မရှင်က ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်များတွင် ရွေးကောက်ပွဲကျင်းပမည်ဟု ထပ်မံကြေညာခဲ့ သော်လည်း လက်ရှိတွင် ဒီးမော့ဆိုမြို့ နှင့် ဖရူဆိုမြို့ပေါ်တို့၌လူနေထိုင်ခြင်းမရှိပဲ မြို့ပတ်ဝန်းကျင်ရှိ စစ်ကော်မရှင်တပ်ရင်းနှင့် အနီးတဝိုက်တွင်သာ စစ်တပ်မိသားစုဝင်အနည်းငယ် နေထိုင်ကြကြောင်း သိရသည်။

“နောက်ဆက်တွဲ-၂ကတော့ ဒီးမော့ဆိုနဲ့ဖရူဆို ဆိုတဲ့နေရာမှာ ဒီးမော့ဆိုမြို့ပေါ်ကတော့ဘယ်လိုမှ လူတွေ ပြန်လာနေမှာမဟုတ်ဘူး။ တစ်ခုရှိတာက ဒီးမော့ဆိုမရောက်ခင် ငွေတောင်ကျေးရွာမှာ အမှတ်(၁၀၂) ခြေမြန် တပ်ရင်းရှိတယ် ပေါ့နော်။ အဲ့ဒီတပ်ရင်းဘေးနားမှာ တချို့တပ်ရင်းမိသားစုဝင်တွေနည်းနည်း ပါးပါးရှိတယ်။ ဖရူဆိုကဖြစ်နိုင်ချေမရှိသလောက်ဖြစ်တယ်။ ဖရူဆိုမြို့ပေါ်မှာက တပ်ရင်းနှစ်ရင်းရှိတယ်။ မိသားစုဝင်အနည်းအကျဉ်းပဲရှိတယ်” ဟု ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC) အတွင်း ရေးမှူး-၂ ဗညားခွန်အောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် စစ်ကော်မရှင်က လွိုင်ကော်မြို့ပေါ်တွင် စစ်ဘေးရှောင်နေသည့် ဒီးမော့ဆိုမြို့နယ် အတွင်းရှိ ကျေးရွာအချို့မှသူများကိုလည်း အတင်းအဓမ္မနေရပ်ပြန်ရန် စေခိုင်းမှုများရှိနေကြောင်းလည်း သိရ သည်။
စစ်ကော်မရှင်သည် ပြီးခဲ့သည့် ဩဂုတ်လမှစတင်ကာ ဒီးမော့ဆိုနှင့်ဖရူဆိုဘက်သို့ အင်အားအလွန်အကျွံ အသုံးပြု၍ စစ်ကြောင်းထိုးလာပြီး နယ်မြေထိန်းချုပ်ရန်ကြိုးပမ်းနေကာ လက်ရှိအချိန်အထိ ကရင်နီ တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားနေကြောင်း သိရသည်။

လက်ရှိတွင် ဘောလခဲမြို့တွင်လည်း ဒေသခံအနည်းငယ်သာကျန်ရှိပြီး စစ်ကော်မရှင်က စစ်ဘေးရှောင် သွားသည့်မိသားစုများကိုပါ ရွေးကောက်ပွဲအတွက် မဲပေးနိုင်မည့်မဲစာရင်းတွင် နာမည်များထည့်သွင်း ထားကြောင်း သိရသည်။
လာမည့် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည့် စစ်ကော်မရှင်၏ တရားမဝင်ရွေးကောက်ပွဲ အပိုင်း-၁ အတွက် ကရင်နီပြည်နယ်တွင် လွိုင်ကော်နှင့် ဘောလခဲမြို့နယ်တို့ ပါဝင်သည်။
“လွိုင်ကော်နဲ့ ဘောလခဲမှာတော့ လူစာရင်း မဲထည့်ပိုင်ခွင့်ရှိတဲ့စာရင်းတွေကိုတော့ ကပ်ထားတာတွေ သွားကြည့်တာတွေ လုပ်နေတာတော့ သိရတယ်ပေါ့နော်။ ဒီထက်ပိုပြီးတော့ ထူးထူးခြားခြား မရှိဘူး ပေါ့နော် မဲဆွယ်စည်းရုံးတဲ့ ကိစ္စတွေလည်း ဘာမှတော့သေချာမရှိဘူး” ဟု အတွင်းရေးမှူး-၂ ဗညားခွန် အောင်က ဆိုသည်။
ဓာတ်ပုံ – လူမှုကွန်ရက်