ဧရာဝတီတိုင်းမ်
(လောင်းလုံ)၊ အောက်တိုဘာ ၃၀ ရက်
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်ရှိ မောင်းမကန်ရဲစခန်းကို ပြီးခဲ့သည့် အောက်တိုဘာ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။
မောင်းမကန်ရဲစခန်းတွင် စစ်ကော်မရှင်လက် အောက်ခံ ရဲ၊ ပြည်သူ့စစ်နှင့် တပ်သား ၆၀ ဝန်း ကျင်ရှိပြီးတော်လှန်ရေး တပ်ဖွဲ့များသည် စစ်ကော်မရှင်၏ ကြည်း၊ ရေ၊ လေ တိုက် ခိုက်မှုများကြားမှ စခန်းသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း အထူးတိုင်းစစ်ဌာနထံက သိရသည်။
တိုက်ပွဲကြာချိန် ၃ နာရီအတွင်း စခန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်ကာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၂ ဦးသေဆုံးခဲ့ကာ ၁၀ ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အယောက် ၃၀ ကျော်မှာ စခန်းစွန့်ခွာ ထွက် ပြေးသွားကြောင်း သိရသည်။
“သူတို့က တိုက်ရဲတဲ့ အနေအထားတော့မရှိဘူး။ ကျွန်တော်တို့တိုက်ပြီးတာနဲ့ ကျွန်တော်တို့စခန်းထဲကို ဝင်စီးနိုင်တယ်။ စခန်းထဲမှာပစ္စည်းယူနေတဲ့အချိန် ရန်သူက ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးနှစ်လုံးလာချတယ်။ ပြီးတော့ရေတပ်က တောက်လျှောက်ကိုပစ်ကူပေးပြီး တစ်နေကုန်ပဲသူတို့ပစ်တာလေ။ စခန်းတိုက်ခံရပြီဆိုတာနဲ့ ကြည်း၊ ရေ၊ လေ တောက်လျှောက်ဖိပြီး တိုက်တဲ့အနေအထားမျိုးရှိပါတယ်” ဟု အမှတ် (၃၃) နည်းဗျူဟာမှူး ရဲဘော်စောဒါးကို ကဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ရကြောင်း အထူးတိုက်းစစ်ဌာနထံက သိရသည်။
ရဲစခန်းကို စခန်းသိမ်းပိုက်နိုင်ပြီးနောက် Uzi သေနတ် ၆ လက်၊ G-3 ၇ လက်၊ Shot Gun၊Smoke gun ၂လက်၊ ကွန်မန်ဒိုစိန်ပြောင်း ၂ လက်၊ ခြောက်လုံးပြူး ၄ လက် အပါအဝင် လက်နက်မျိုးစုံ ၂၁ လက် နှင့် jampar စက် ၂ လုံး အပါအဝင် ခဲယမ်းများစွာကို သိမ်းဆည်းရမိခဲ့ကြောင်းလည်း သိရသည်။
“ရဲစခန်းဆိုတော့မြို့နဲ့တော့ နီးနီးလေးသိပ်မဝေးဘူး။ ရန်သူဘက်က အဓိကလန့်တာကတော့ မြို့ပါထပ်ပြီးတော့တိုက်ခံရမယ့်အနေအထားမျိုး သဘောမျိုးကို စိုးရိမ်မှုရှိတယ်။ ကျွန်တော်တို့တော်လှန်ရေးတပ်တွေကလည်း မြို့နားမှာပဲ ဝင်ကြိတ်တာပါ” ဟု ရဲဘော်စောဒါးကိုက ဆက် လက်ပြောသည်။
အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်(၁)စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာန ကွပ်ကဲမှူအောက်ရှိ နည်း ဗျူဟာ (၃၃)၊ ဒေါနတပ်ရင်း တပ်ခွဲ-၄ (KBDF)၊ တပ်ခွဲ-၇(LPF)နှင့်အတူ ထားဝယ်ခရိုင်တပ်ပေါင်းစု ၊ D.N.L.A ဓူကရစစ်ကြောင်း၊ ရာမညမွန်တပ်တော်၊ ဖက်ဒရယ်ဓူဝံကြယ် တပ်များပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ဓာတ်ပုံ – အထူးတိုင်းစစ်ဌာန