ဧရာဝတီတိုင်း
အောက်တိုဘာ ၃၁ ရက်
စစ်ကော်မရှင်က လက်လွှတ်ထားရသည့် ရသေ့တောင်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့ကို လေကြောင်းမှ ဗုံး ၁၀ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့သည့် အတွက် ထိခိုက်သေဆုံးသူများကြောင်း သိရသည်။
စစ်ကော်မရှင်သည် ယမန်နေ့ အောက်တိုဘာ ၃၀ ရက်နေ့ နံနက် ၉ နာရီခန့်က ရသေ့တောင်မြို့နယ်၊ မိုးစွဲကျွန်းရှိ ဇီးကိုင်းကျေးရွာကို ဒရုန်းဗုံးများဖြင့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ရသေ့တောင်ကိုရော ပုဏ္ဏားကျွန်ူကိုရော စစ်တွေတပ်ရင်းနဲ့ ပင်လယ်ထဲက Navy တွေကပါ လက်နက် ကြီးတွေနဲ့ပစ်နေတယ်။ ဒီနေ့ နေ့လည်တော့ ဂျက်ဖိုက်တာနဲ့ ဗုံးလာကြဲသွားတယ်။ သေဆုံးတော့ရှိမယ် အတိအကျတော့မသိရသေးဘူး”ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်တွေမြို့နယ် ရေချမ်းပြင်နှင့် အမြင့်ကျွန်းဘက်တွင် တပ်စွဲထားသည့် စစ်ကော်မရှင်တပ်ရင်းများမှ ဒရုန်းဗုံးများ ကြဲချတိုက်ခိုက်ခဲ့ရာ ရသေ့တောင်မြို့နယ် ဇီးကိုင်းကျေးရွာမှ အသက် (၅၀) ကျော်အရွယ် ဦးထွန်းအေးလှိုင် သေဆုံးပြီး အမျိုးသားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ပုဏ္ဏားကျွန်းမြို့နယ်ကိုလည်း ယနေ့ နေ့လည် ၁ နာရီအချိန်ခန့်က ဂျက်ဖိုက်တာဖြင့် ဗုံး ၁၀ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူ ၁၀ ဦးထက်မနည်းရှိကြောင်း သိရသည်။
ယမန်နေ့ အောက်တိုဘာ ၂၉ ရက်နေ့ကလည်း စစ်တွေမြို့မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ထိမှန်ပြီး ပေါက်တောမြို့ တောင်ညိုကျေးရွာမှ အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးခဲ့ ကြောင်း သိရသည်။
စစ်ကော်မရှင်သည် ပုဏ္ဏားကျွန်းရှိ ကွမ်းတောင်ကျေးရွာအနီးထိ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လာပြီး ပြီးခဲ့သည့် အောက် တိုဘာ ၂၆ ရက်နေ့မှစတင်ကာ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တောမြို့နယ်များကို လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့်အတွက် AA တပ်ဖွဲ့များနှင့် အပြန် အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။