ဧရာဝတီတိုင်းမ်
(တောင်ငူ)၊ အောက်တိုဘာ ၃၀ ရက်

 

ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ KTV၊ မာဆပ် (Massage) ၊ စင်တင် နှင့် ဘားကလပ် များတွင် မူးယစ်ဆေးဝါးများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြကြောင်း မြို့ခံများ၏ ပြောကြားချက်အရ သိရသည်။

 

မူးယစ်ဆေးဝါး ရောင်းချသူများသည် အဆိုပါဖျော်ဖြေရေးနှင့် အနှိပ်ခန်းများအပြင် စာသင်ကျောင်းများ ကိုပါမကျန် ပစ်မှတ်ထား၍ ရောင်းချလျက်ရှိကြောင်း သိရသည်။

 

မူးယစ်ဆေးဝါး ရောင်းဝယ်မှုများသည် KTV ဆိုင်များတွင် အဓိက ဖြစ်ပွားနေပြီး ဆိုင်ဝန်ထမ်းများမှ တစ်ဆင့် မှာယူခြင်းနှင့် အသုံးပြုခြင်းများ ရှိနေကြောင်း တောင်ငူမြို့ရှိ Bar တစ်ခုတွင် အလုပ်လုပ်နေသော ဝိတ်တာတစ်ဦးက ဧရာဝတီတိုင်းမ်သို့ ဖွင့်ဟပြောကြားသည်။

“ကျွန်တော်လုပ်တဲ့ ဆိုင်က ဆိုင်မှာထားပြီးရောင်းတာတော့ မဟုတ်ဘူး။ ဧည့်သည် (ဆိုင်လာသူ) သုံးချင်တယ်ဆိုမှ ဖုန်းဆက်ပြီး အပြင်က မှာပေးလိုက်တယ်။ အပြင်မှာ WY ဆေးပြား ၁ ပြားကို တစ်ထောင်၊ ဆိုင်မှာတော့ သုံးထောင် ပြန်ရောင်းတယ်။ KTV၊ မာဆပ်၊ စင်တင် တွေမှာ အကုန်ရတယ်။ အရင်လုပ်ခဲ့တဲ့ဆိုင်ဆို KTV က မိန်းကလေးတွေတောင် သုံးကြတယ်” ဟု ၎င်းက ပြောသည်။

 

တောင်ငူမြို့ ရပ်ကွက်တိုင်းတွင် မူးယစ်ဆေးဝါးရောင်းချသူနှင့် သုံးစွဲသူများ များပြားနေသော်လည်း နယ်မြေခံရဲတပ်ဖွဲ့မှ ဖမ်းဆီးခြင်း၊ အရေးယူခြင်း မရှိသည့်အတွက် မူးယစ်ဆေးဝါးရောင်းချသူများသည် စာသင်ကျောင်းများအထိပါ လိုက်လံ ရောင်းချလျက်ရှိကြောင်း သိရသည်။

 

အောက်တိုဘာ ပထမပတ်အတွင်းက တောင်ငူမြို့နယ်၊ သပြေလှကျေးရွာထိပ်တွင် ကျောင်းသား ၂ ဦးထံမှ မူးယစ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ပြီး ကျောင်းသားများပါ သုံးစွဲလာကြောင်း သတင်းရင်းမြစ်က ဆိုသည်။

“မြတ်စောညီနောင်သွားတဲ့လမ်း၊ သပြေလှရွာဘက်က ကျောင်းနာမည်တော့ မပြောတော့ဘူး၊ ကျောင်းသိက္ခာကျမှာ စိုးရိမ်လို့။ ကျောင်းအနီးနားရွာကပဲ ကျောင်းသားတွေကို မူးယစ်ဆေးရောင်း နေတယ်။ ကျောင်းအုပ်ဆရာမကြီးကလည်း ဒါကိုသိတယ်။ မပြောရဲဘူး၊ ဆေးရောင်းတဲ့သူတွေက ပြဿနာရှာမည်မှာ စိုးလို့။ ရဲတွေလည်း သိတယ်။ ဒါပေမယ့် မဖမ်းကြဘူး” ဟု တောင်ငူမြို့ပေါ်ရှိ ကျောင်းဆရာမတစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောကြားသည်။

 

တောင်ငူမြို့ပေါ် ရှိ ရပ်ကွက်များတွင်လည်း မူးယစ်ဆေးကြောင့် ဆေးကြောင်သူများ ပေါများနေကာ ပြီးခဲ့သည့် ဇူလိုင်လ ပထမအပတ်က တောင်ငူမြို့ ထီးလှိုင်ရပ်ကွက် (၁) တွင် ငမြတ် ဆိုသည့် လူငယ်တစ်ဦး ဆေးကြောင်နေသောကြောင့် စစ်ကော်မရှင်လက်အောက်ခံ ရဲများက သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးရသည်အထိ ဖြစ်ပွားခဲ့ဖူးသည်။

ဓာတ်ပုံ-CJ