ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃၀ ရက်
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်ကို လက်လွှတ်ထားရသည့် စစ်ကော်မရှင်က စစ်ကြောင်းပြန်ထိုးလာပြီး လေကြောင်းမှဗုံးကြဲတိုက်ခိုက်ပြီး မြို့ကိုဖျက်ဆီးနေကြောင်း သတင်းရင်းမြစ်များထံက သိရသည်။
ဗန်းမောက်မြို့နယ်အတွင်းကို စစ်ကော်မရှင်က ယမန်နေ့ အောက်တိုဘာ ၂၉ရက် နံနက် ရှစ်နာရီ မိနစ်လေးဆယ်ခန့်တွင် Y12လေယာဉ်ဖြင့် ဗုံးအလုံးရေ ၄၀ ကျော်ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“မြို့ထဲကနေအိမ်တွေရယ်၊ ဌာနဆိုင်ရာရုံးအဆောက်အအုံတွေ ပျက်စီးကုန်တယ်။ လက်နက်ကြီးနဲ့ပစ်တာရော လေကြောင်းဗုံးကြဲတာရောနဲ့ ပျက်စီးကုန်တာပါ။ တပ်မ ၇၇ က တပ်တွေပါ မြို့နားရောက်နေတယ်ပြောပါတယ်” ဟု ဗန်းမောက်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကော်မရှင်နှင့် ရှမ်းနီပြည်သူ့စစ် SNAတို့သည် ဗန်းမောက်မြို့ ခမိုးကျေးရွာနှင့် နားယကာကျေးရွာများတွင်တပ်စွဲပြီး လက်နက်ကြီးများ ၊ ဒရုန်းများဖြင့်ပစ်ခတ်ခဲ့ရာ အောက်တိုဘာ ၂၇ ရက်နေ့က ဗန်းမော်မြို့ ရဲစခန်း မီးလောင်ခဲ့ကြောင်း သိရသည်။
ထို့အပြင် နားယကာကျေးရွာရှိနေအိမ်အချို့ကိုလည်း စစ်ကော်မရှင်က မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။

တပ်မ ၃၃ ထုတ်နှုတ်အင်အားများနှင့် SNAတပ်ပူးပေါင်း အင်အား ၄၀၀ ခန့်ဖြင့် ဗန်းမောက်မြို့ကို ပြန်လည်ရယူရန် စစ်ကော်မရှင်တပ်များက အောက်တိုဘာ ၄ ရက်တွင် ပြန်လည်စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။
ဖားကန့်မြို့နယ်တွင် ရောက်ရှိနေသည့် တပ်မ ၃၃ နှင့် လက်အောက်ခံ တပ်ရင်းအချို့ကိုပါ ဗန်းမောက်မြို့တိုက်ပွဲကို စေလွှတ်ခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်နေ့ကလည်း စစ်ကော်မရှင်က မြစ်သေးချင်းရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် ၁၇၀ မမ ဗုံးသီးများဖြင့် ဗန်းမောက်မြို့တွင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ပုံစာ- ဗုံးကြဲခံရသည့် ဗန်းမောက်မြို့ အခြေအနေ