ဧရာဝတီတိုင်းမ်
(လွိုင်ကော်)၊ အောက်တိုဘာ ၃၀ ရက်
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် စစ်ကော်မရှင်၏ အုပ်ချုပ်ရေးယန္တရား ပြန်လည် လည်ပတ်ချိန် ကစ၍ စစ်ကော်မရှင်၏ အကြီးစားဒေါက်တိုင်အဖြစ် ဆောင်ရွက်နေသူ ကိုအောင်လင်းကျော် (ခ) ကျော်လေးဆိုသူမှာ အသက်မပြည့်သေးသူများအပါအဝင် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုနှင့် အကြမ်းဖက်မှုများ ကို စဉ်ဆက်မပြတ် ကျူးလွန်နေကြောင်း သိရသည်။
အောင်လင်းကျော်သည် စစ်ကော်မရှင် ဆောက်လုပ်ရေးဌာနမှ တင်ဒါများကို ရယူလုပ်ဆောင်နေသည့် “MEGA Hope” ဆောက်လုပ်ရေးကုမ္ပဏီမှ ဖြစ်သည်။ ၎င်းကျူးလွန်မှုကို ခံရသည့် နစ်နာသူအမျိုးသမီး အရေအတွက်မှာ သုံး ဦးမှ ငါး ဦးအထိ ရှိပြီး အသက်မပြည့်သေးသည့် အမျိုးသမီးငယ်များလည်း ပါဝင်ကြောင်း သိရသည်။

အောင်လင်းကျော်သည် အိမ်ထောင်ရှိကြောင်းကို ဖုံးကွယ်လိမ်လည်ကာ အမျိုးသမီးငယ်များအပေါ် ကာမလိမ်လည်ရယူမှု များ ပြုလုပ်နေခြင်းဖြစ်ပြီး ၎င်း၏ ကျူးလွန်မှုများသည် ငွေကြေးနှင့် အာဏာကို အသုံးပြု၍ ခြိမ်းခြောက်အကျပ်ကိုင်သည့် ပုံစံများ ဖြစ်ကြောင်း သိရသည်။
“အိမ်ထောင်ရှိတာကို ဖုံးကွယ်ထားပြီး ကာမလိမ်လည်ရယူတဲ့ ပုံစံများပါတယ်။ လက်ရှိမှာ စကမ (စစ်ကော်မရှင်)ရဲ့ တင်ဒါတွေယူပြီး လုပ်နေတော့ ငွေကြေးအရ၊ အာဏာအရ အသင့်အတင့်ရှိတဲ့ အနေအထားပါ။ တစ်ဖက်မိန်းကလေးတွေကို သူက လူလွတ်တစ်ဦးဖြစ်ကြောင်း သိမ်းသွင်းပြီးမှ အတင်းအကျပ် ကာမရယူတဲ့ဖြစ်ရပ်တွေနဲ့ ခြိမ်းခြောက်အကျပ်ကိုင်တဲ့ ဖြစ်ရပ်တွေရှိပါတယ်” ဟု ဖြစ်စဉ် ကိုသိရှိသူ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကော်မရှင် ဒေါက်တိုင် ဖြစ်သူ အောင်လင်းကျော်သည် နစ်နာသူအမျိုးသမီးများကို ၎င်း၏ဆန္ဒအား လိုက်လျောခြင်းမရှိပါက အသက်အန္တရာယ်ပြုမည်ဖြစ်ကြောင်းနှင့် ပတ်ဝန်းကျင်တွင် အရှက်ခွဲမည် ဖြစ်ကြောင်း ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့သည်။
“တိုင်ကြားမှုအခက်ခဲရှိတာကတော့ သူက အာဏာပိုင်တွေနဲ့ အနီးကပ်နေတာဖြစ်သလို တစ်ဖက်အမျိုး သမီးတွေကို ခြိမ်းခြောက်အကျပ်ကိုင်တာတွေရှိတဲ့အတွက် မတိုင်ကြားရဲတာလို့ပြောရင် ပိုမှန်တယ်။ အဲ့ဒီဖြစ်စဉ်ကနေ ရှင်သန်လွတ်မြောက်လာတဲ့ အမျိုးသမီးတွေမှာ အသက်မပြည့်သေးတဲ့ ကလေးသူငယ် တွေလည်း ပါသလို အမျိုးသမီးငယ်တွေလည်း ပါပါတယ်” ဟု ဖြစ်စဉ်ကိုသိရှိသည့် အမျိုးသမီးက ဆက်လက်ပြောဆိုခဲ့သည်။
စစ်ကော်မရှင်က လွိုင်ကော်မြို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက်ပိုင်းတွင် စစ်ကော်မရှင်အဖွဲ့ဝင်များ၊ ၎င်းနှင့်နီးစပ်သူများ၊ ဒေါက်တိုင်များမှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူများ ဖြစ်လာနေသည့်အပြင် ထိရောက်စွာ အရေးယူပေးမည့် ဌာနဆိုင်ရာများ မရှိခြင်း၊ တိုင်ကြားပါကလည်း ကျူးလွန်သူများကို အရေးယူခြင်းမရှိဘဲ ကျူးလွန်ခံရသူများကိုသာ ဖိနှိပ်ဆက်ဆံခြင်းများ ပြုလုပ်သည့်အတွက် နစ်နာသူ ဦးရေမှာ ပိုမိုများပြားလျက်ရှိကြောင်းလည်း သိရသည်။
ဓာတ်ပုံ – ပေးပို့