ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃၀ ရက်

ဧရာ၀တီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်ရှိ ၁၀၈တောင်စေတီတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်က စစ်အောင်နိုင်ရေးအတွက် ယတြာချေ ဆုတောင်းမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

အောက်တိုဘာ ၂၄ရက်နေ့က ပုသိမ်မြို့အခြေစိုက်အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ အမျိုးသား ၊ အမျိုးသမီးအင်အား ၁၀၀ ခန့်ဖြင့်လာရောက်ပြီး ၁၀၈တောင်ဆရာတော်၏ ရုပ်ကလပ်ရှေ့တွင် စစ်အောင်နိုင်ရေးအတွက် ဆုတောင်းခဲ့ကြခြင်းဖြစ်သည်။

“တိုက်ပွဲတွေနိုင်အောင်​ဆိုပြီး အောင်မြေလာနင်းတယ်လို့တော့ပြောတာပဲ။ ၁၀၈တောင်ဘုရားကတန်ခိုးကြီးတယ်ဆိုလို့ သူတို့စစ်တပ်က ဘုရားတွေမှာယတြာချေနေကြပဲလေ”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ယင်းကဲ့သို့ စစ်တပ်မှ လာရောက်ပြီးယတြာချေနေစဉ် ပြည်သူများကို ဘုရားအတွင်း၀င်ထွက်​ခွင့်ပိတ်ထားခဲ့သည်ဟု ဒေသခံများက ပြောသည်။

လက်ရှိအချိန်တွင် အရက္ခတပ်တော် နှင့် ပူးပါင်းတပ်များက ဧရာဝတီတိုင်းနယ်နိမိတ်အတွင်း တိုက်ခိုက်မှုများပြုလုပ်နေပြီး စစ်ကော်မရှင်တပ်သားများအနေဖြင့် နေ့စဉ် ထိခိုက်သေဆုံးမှုများရှိနေသည်။