နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃၀ ရက်

အာဆီယံ အစည်းအဝေး ဆုံးဖြတ်ချက်ဖြစ်သည့် ဘုံသဘောတူညီချက် ငါးချက်နှင့် ပတ်သက်၍ တုံ့ပြန်ကန့်ကွက်ကာ ၎င်းတို့မတရားဖမ်းဆီး အကျဉ်းချထားသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အာဆီယံအထူးကိုယ်စားလှယ်ကို တွေ့ဆုံခွင့်မပေးနိုင်ကြောင်း စစ်ကော်မရှင် က ပြောဆိုလာသည်။

မကြာသေးမီက မလေးရှားနိုင်ငံတွင် ကျင်းပခဲ့သည့် (၄၇) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး၌ လက်ရှိအထိ သဘောတူညီချက် ငါးချက်ကို လိုက်နာမှုမရှိ၍ စစ်ခေါင်းဆောင်များအား အစည်းအဝေးများ တက်ရောက်ခွင့် ဆက်လက်ပိတ်ပင်ရန် ဆုံးဖြတ်ခဲ့မှုအပေါ် စစ်ကော်မရှင် ပြောခွင့်ရက ထိုသို့တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

စစ်ခေါင်းဆောင် ဦးဆောင်သော စစ်ကော်မရှင်သည် အရပ်သားအစိုးရထံမှ အဓမ္မအာဏာသိမ်း ယူခဲ့မှုကြောင့် အဆိုပါအရေးကို ဖြေရှင်းနိုင်ရန် အာဆီယံက ဘုံသဘောတူညီချက် ငါးချက်ကို ဆုံးဖြတ်ချက် ချမှတ်ခဲ့သော်လည်း ထိုအရာသည် အစည်းအဝေးအပြီး ထုတ်ပြန်ချက်သာဖြစ်ကြောင်း စစ်ကော်မရှင် ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

“ဘုံသဘောတူညီချက် ငါးချက်ဆိုတာ အာဆီယံထိပ်သီး အစည်းအဝေးကနေ အတည်ပြု ထုတ်ပြန်ခဲ့တာ မဟုတ်ပါဘူး။ အစည်းအဝေးပြီးမှ ထွက်ပေါ်လာတဲ့ ထုတ်ပြန်ချက်ပဲဖြစ်တယ်။ ကျွန်တော်တို့အနေနဲ့ အမျိုးသားအကျိုးစီးပွားနဲ့ အချုပ်အချာအာဏာကို မထိခိုက်စေဘဲ ပူး‌ပေါင်းခဲ့တယ်” ဟု ၎င်းက ဆိုသည်။

သို့သော် စစ်ကော်မရှင်သည် မြန်မာ့အရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရန် အာဆီယံက ရည်ရွယ်သည့် ဘုံသဘောတူညီချက် ငါးချက်အား လိုက်ပါလုပ်ဆောင်မှုမရှိသဖြင့် အာဆီယံက စစ်ခေါင်းဆောင်များအပါအဝင် နိုင်ငံရေးအဆင့်ရှိသူများကို အစည်းအဝေးများ တက်ရောက်ခွင့် ပိတ်ပင်ထားခြင်းဖြစ်သည်။

စစ်ကော်မရှင်သည် ထိုအရာအပါအဝင် မူလအခွင့်အရေးများကို ပြန်လည်ရရှိရန် နည်းမျိုးစုံ ကြိုးပမ်းခဲ့ပြီး အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖွဲ့ ထိပ်သီးအစည်းအဝေးမတိုင်ခင် နေပြည်တော် လာရောက် စဉ်ကလည်း တောင်းဆိုခဲ့သလို လက်ရှိရလဒ်အပေါ်တွင်လည်း တုံ့ပြန်ကန့်ကွက်လာခြင်း ဖြစ်သည်။

အာဏာသိမ်းမှုကြောင့် မြန်မာ့အရေး ဖြေရှင်းနိုင်ရန် နှစ်စဉ်နှစ်တိုင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌက ၎င်း၏အထူးကိုယ်စားလှယ်ကို စေလွှတ်ခဲ့ပြီး ထိုသူများသည် ဖမ်းဆီးအကျဉ်းချခံနေရသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး တောင်းဆိုမှုများရှိရာ စစ်ကော်မရှင်မှ ငြင်းဆိုလျက်ရှိသည်။

လက်ရှိတွင်လည်း စစ်ကော်မရှင် ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ညွှန်းဆို၍ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်အား ရာဇဝတ်မှု ကျူးလွန်ကာ ပြစ်ဒဏ်ခံနေရသည့် အကျဉ်းသားများနှင့် တွေ့ဆုံခွင့် ပေးမည်မဟုတ်သလို မည်သည့်နိုင်ငံက တွေ့ဆုံခွင့် ပေးနေသနည်းဟု မေးခွန်းထုတ်ထားသည်။

ပြီးခဲ့သည့် (၄၇) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးတွင် မြန်မာ့အရေးနှင့် ပတ်သက်၍ ဆုံးဖြတ်ချက် ၂၈ ချက် ထုတ်ပြန်ခဲ့ပြီး စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုအပါအဝင် အကြမ်းဖက် လုပ်ရပ်များကိစ္စ၊ မကြာမီ ပြုလုပ်မည့် ရွေးကောက်ပွဲအား လက်မခံဘဲ လွတ်လပ်မျှတ၍ တည်ငြိမ်မှုရှိကာ အားလုံးပါဝင်နိုင်စေရေး စသည်တို့ ပါဝင်သည်။