ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃၀ ရက်
မန္တလေးတိုင်း၊ မိုးကုတ်မြို့မှ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ဝင်များ ထွက်ခွာရန် စစ်ကော်မရှင်နှင့် သဘောတူညီချက်ရယူပြီးနောက် မိုးကုတ်မြို့ကို စစ်ကော်မရှင် လက်ထဲမကျရောင်စေရန် ရင်ဆိုင်ကျော်လွှားသွားမည်ဟု မိုးကုတ်ပြည်သူကာကွယ်ရေးအဖွဲ့ (မိုးကုတ်-ပကဖ) က ထုတ်ပြန်လာသည်။
TNLA နှင့် စစ်ကော်မရှင် ကိုယ်စားလှယ်အဖွဲ့တို့သည် တရုတ်အစိုးရအကူအညီဖြင့် တရုတ်နိုင်ငံ ၊ ကူမင်းမြို့တွင် တွေ့ဆုံပြီးနောက် အခတ်ရပ်စဲရေး သဘော တူညီချက်ရကာ မိုးကုတ်နှင့် မိုးမိတ်မြို့နယ် များမှ TNLA တပ်များ ထွက်ခွာပေးမည်ဟု ယမန်နေ့ အောက်တိုဘာ ၂၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
TNLA က ထိုသို့ ထုတ်ပြန်ပြီးနောက် မိုးကုတ်ပြည်သူကာကွယ်ရေးအဖွဲ့(မိုးကုတ်-ပကဖ) သည် မိုးကုတ် မြို့ကို စစ်ကော်မရှင်လက်အောက်သို့ မကျစေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့ အောက်တို ဘာ ၃၀ ရက်နေ့တွင် ထပ်မံထုတ်ပြန်လာသည်။
“နောင်ချို၊ ကျောက်မဲ၊ လားရှိုး၊ ပြင်ဦးလွင်က PDF တော်လှန်ရေးတပ်တွေအကုန်လုံး မိုးကုတ်ကို ဆုတ်ထားတော့ စုမိနေသလိုဖြစ်နေတယ်။ TNLA က နိုဝင်ဘာမှာ ဆုတ်ခွာပေးသွားလည်း တော်လှန်ရေး တပ်တွေက ဆက်တိုက်မယ့် သဘောမှာရှိတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
မိုးကုတ် ပကဖအနေဖြင့် တော်လှန်ရေးအစမှသည် ပြီးဆုံးသည်အထိ တိုက်ပွဲဝင်သွားရန် သံန္နိဋ္ဌာန်ချမှတ် ထားသည်နှင့်အညီ လက်ရှိမိုးကုတ်မြို့တွင် ဖြစ်ပေါ်နေသော အခြေအနေများအရ မည်သည့်အခက်အခဲ ဖြင့် ကြုံတွေ့စေကာမူ မိုးကုတ်အခြေပြုတပ်ရင်းတပ်ဖွဲ့များ၊ ညီအစ်ကိုတပ်ရင်းတပ်ဖွဲ့များ၊ တော်လှန်ရေး တပ်ဖွဲ့များနှင့် ပူးပေါင်းလက်တွဲသွားမည်ဖြစ်ကြောင်း ဆိုထားသည်။
ထို့ပြင် မိုးကုတ်မြို့အား ပြည်သူနှင့်လက်တွဲ၍ စစ်ကော်မရှင် လက်အောက်သို့မကျရောက်စေရန် ရင်ဆိုင် ကျော်လွှားကာ တော်လှန်ရေးအောင်မြင်မှုပန်းတိုင်ဆီသို့ ဦးလှည့်မသုန် ချီတက်သွားမည်ဟု ကတိသစ္စာ ပြုကြောင်း ဖော်ပြထားသည်။
မိုးကုတ်ပကဖသည် တော်လှန်ရေးခရီး ကြမ်းကြီးအား ပြည်သူလူထု၏ ကူညီထောက်ပံ့မှုဖြင့် ရပ်တည်လာသည့် အဖွဲ့အစည်းဖြစ်ပြီး လက်ရှိအချိန်ထိ ပြည်သူလူထု၏ထောက်ပံ့မှုဖြင့် ဆက်လက် ရပ်တည် နေသော အဖွဲ့အစည်းဖြစ်ကြောင်းလည်း အသိပေးထားသည်။
အလားတူ MDY PDF နှင့် မိုးကုတ်ဗျူဟာကလည်း ရည်မှန်းချက်ပန်းတိုင်သို့ရောက်အောင် တော်လှန်ရေး အောင်မြင်သည်အထိ ဆက်လက်ချီတက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၂၉ ရက်နေ့က အသီးသီးထုတ်ပြန်ထားသည်။
ပုံစာ-မိုးကုတ်တွင် PDF အလံလွှင့်ထူခဲ့သည့် မိုးကုတ်ဗျူဟာမှ တပ်ဖွဲ့ဝင် တစ်ဦးကိုတွေ့ရစဉ်(ပုံဟောင်း)