နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃၀ ရက်

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်တောင်ပိုင်း၊ မိုင်းယွန်းဒေသရှိ နမ့်ခုတ်မြစ်တလျှောက်တွင် မြေရှားသတ္တုနှင့် ရွှေသတ္တုတွင်းများ တိုးချဲ့လာပြီး တရုတ်အစိုးရမှကျောထောက်နောက်ခံ ပြုထားသော China Investment Mining ကုမ္ပဏီက လုပ်ကိုင်နေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF)ထံက သိရသည်။

 

မိုင်းယွန်းဒေသကို ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် အာဏာသိမ်း စစ်ကော်မရှင်တို့က ပူးတွဲထိန်းချုပ်ထားပြီး သတ္တုတွင်းများ လည်ပတ်နိုင်ရေးအတွက် နှစ်ဖွဲ့စလုံးထံမှ ခွင့်ပြုချက် ရယူထားသလို ဂြိုဟ်တုဓာတ်ပုံသစ်များအရ ထိုကဲ့သို့ တိုးချဲ့လုပ်ကိုင်လာသည်ကို တွေ့မြင်ခဲ့ရကြောင်း သိရသည်။

 

“ဒေသအခြေအနေကတော့ ဆိုးဆိုးရွားရွားပါပဲ။ ဒီနှစ်မိုးတွင်းမှာ ရေကြီးမှု၊ ပျက်စီးမှု တော်တော်များများ ဖြစ်တယ်။ ထိုင်းဘက်ခြမ်းလည်း ဖြစ်တာတွေရှိတယ်။ ဒါကို စစ်ကော်မရှင် ပတ်သက်နေသလို UWSA ကတော့ တရုတ်နဲ့ တူးဖော်ခွင့် ရရှိနေတယ်” ဟု SHRF ပြောခွင့်ရက ဧရာဝတီတိုင်းမ်ကို ပြောသည်။

နမ့်ခုတ်မြစ်တလျှောက်ရှိ မြေရှားသတ္တုတွင်းများနှင့် အဓိက ရွှေတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်နေသော China Investment Mining ကုမ္ပဏီသည် လာအိုနိုင်ငံ၌လည်း မြေရှားသတ္တု တူးဖော်ရေးများ လုပ်ဆောင်နေပြီး ယင်းကုမ္ပဏီ၏ ၉၀ ရာခိုင်နှုန်းအား Shanghai Chijin Xiawu Metal Resources ကုမ္ပဏီက ပိုင်ဆိုင်ကြောင်း သိရသည်

 

Shanghai Chijin Xiawu Metal Resources ကုမ္ပဏီသည် လာအိုနိုင်ငံ၌ မြေရှားသတ္တု အရင်းအမြစ်များ တူးဖော်ထုတ်လုပ်ရန် တရုတ်အစိုးရ ကျောထောက်နောက်ခံရှိ Xiamen Tungsten Corporation နှင့် တရုတ် နိုင်ငံ၏ အကြီးဆုံးပုဂ္ဂလိက ရွှေထုတ်လုပ်သူ Chifeng Gold တို့မှ ၂၀၂၂ ခုနှစ် စက်တင်ဘာတွင် ဖွဲ့စည်းခဲ့သော ဖက်စပ်လုပ်ငန်းတစ်ခု ဖြစ်သည်။

 

ထိုဂြိုဟ်တုဓာတ်ပုံများကို ယခုနှစ်၊ အောက်တိုဘာ ၁၄ ရက်က ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး အထင်ရှားဆုံး ပြောင်းလဲမှုအား ထိုင်းနယ်စပ်မှ ကီလိုမီတာ ၃၀ အကွာရှိ မြစ်အထက်ပိုင်း ရွှေသတ္တုတူးဖော်ရေး ဧရိယာတွင် တွေ့မြင်ရသလို သစ်တောဖုံးလွှမ်းသော တောင်စောင်းများကို ကုတ်ခြစ်တူးဖော်ထားကြောင်း သိရသည်။

 

ယင်းသို့ ကုတ်ခြစ်တူးဖော်၍ လမ်းသစ်နှင့် သတ္တုတွင်းများကို ကွန်ရက်သဖွယ် တိုးချဲ့ထားကာ ထိုသတ္တုတွင်းများမှ စီးဆင်းလာသည့် ရေများမှာ နမ့်ခုတ်မြစ်အတွင်းသို့ တိုက်ရိုက်စီးဝင်နေပြီး မြစ်အနောက်ဘက်ကမ်းရှိ သန့်စင်စက်ရုံများ၌ ရွှေရိုင်းများ ဆက်လက်ထုတ်ယူ သန့်စင်နေကြောင်း SHRF က ထုတ်ပြန်ထားသည်။

ထို့အပြင် ယခုနှစ်၊ ဇန်နဝါရီလကတည်းက လည်ပတ်နေပုံရသည့် အရှေ့ဘက်ခြမ်းရှိ မြေရှားသတ္တုတွင်းသည်လည်း ဆက်လက်လည်ပတ်နေဆဲဖြစ်ပြီး လုပ်ငန်းခွင်၏ အရှေ့မြောက်ဘက်ကဏ္ဍ၌ အဆောက်အအုံသစ် အများအပြားကို တွေ့မြင်နေရကာ လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်လာခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းအခြေအနေများနှင့် ပတ်သက်၍ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၏ လားရှိုးဆက်ဆံရေးတာဝန်ခံလည်းဖြစ်၊ ပြောခွင့်ရလည်းဖြစ်သူ ဦးညီရမ်းကို အွန်လိုင်းမှတဆင့် ဧရာဝတီတိုင်းမ် သတင်းဌာနက မေးမြန်းခဲ့သော်လည်း လက်ရှိအချိန်ထိ ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

 

အဆိုပါနမ့်ခုတ်မြစ်ကို အန္တရာယ်ဖြစ်စေသည့် ညစ်ညမ်းမှုများ ရှိနေသည့်ကြားမှ သတ္တုတွင်းနေရာ သုံးခုအား တိုးချဲ့နေခြင်းသည် နယ်စပ်နှစ်ဖက်စလုံးရှိ လူထုအသိုင်းအဝိုင်းအပေါ် သက်ရောက်မှုရှိနေ၍ အလွန်အမင်း စိုးရိမ်စရာကောင်းလှပြီး နမ့်ခုတ်မြစ်သည် မဲခေါင်မြစ်၏ မြစ်လက်တက် တစ်ခုဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ယင်းအပြင် မဲခေါင်မြစ်ကြောင်း ရေစုန်ပိုင်းတစ်လျောက်နေထိုင်သူ သန်းပေါင်းဆယ်နှင့်ချီအတွက် အန္တရာယ်ရှိနေပြီး ထိုင်းအာဏာပိုင်များသည် ယခုနှစ် ဧပြီမှစ၍ နမ့်ခုတ်မြစ်ရှိရေကို နှစ်ပတ်တစ်ကြိမ် စစ်ဆေးလျက်ရှိရာ စိန်နှင့် ခဲဓာတ်ပမာဏမှာ စံနှုန်းများထက် ကျော်လွန်နေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

 

လက်ရှိ တိုးချဲ့မှုများသည် SHRF ၏ ယခုနှစ်၊ မေ ၁၅ ရက် သတင်းထုတ်ပြန်ချက်အပြီး နမ့်ခုတ်မြစ်၏ အနောက်ဘက်နှင့် အရှေ့ဘက်တစ်ခြမ်းမှ မြေရှားသတ္တုတွင်း နှစ်ခုစလုံးကို လုပ်လာခြင်းဖြစ်ပြီး ယင်းမတိုင်ခင်ကလည်း ထိုင်းပြည်သူများ ဆန္ဒပြကြသလို စစ်ကော်မရှင်နှင့် ထိုင်းအစိုးရကြား ဆွေးနွေးမှုများရှိခဲ့သည်။

 

သို့သော် ထူးခြားမှုများ မရှိခဲ့သလို လက်ရှိတိုင် တိုးချဲ့လုပ်ဆောင်နေပြီး နှစ်ခုစလုံးသည် တောင်စောင်းများအတွင်းသို့ ဓာတုပစ္စည်းများ ပမာဏအများအပြား ထိုးသွင်းရသည့် သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေသော ‘in-situ leaching’ နည်းလမ်းအား အသုံးပြုနေကြကြောင်း SHRF ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဓာတ်ပုံ-SHRF