 
                ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃၀ ရက်
ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်တွင် စစ်ကော်မရှင်ခန့် ကျေးရွာအုပ်ချုပ်ရေးမှူးက စစ်သားဝယ်ယူရန်ဟုဆိုကာ ကျပ်ငွေ သိန်းရာကျော်အထိ ကောက်ခံနေကြောင်း ဒေသခံများထံကသတင်းရရှိသည်။
ကျပ်ငွေ သိန်းရာကျော်အထိ အဓမ္မစုဆောင်းတောင်းယူနေသူမှာမြန်အောင်မြို့နယ်၊ မရွေးကုန်းအုပ်စု စစ်ကော်မရှင်ခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးညွန့်ဖြစ်ကြောင်း ဒေသခံများကပြောဆိုသည်။
“စစ်သာလူဝယ်ထည့်ရတယ်ဆိုပြီး ငွေစုပေးနေကြတာရတာ။ စစ်သား တစ်ခါထည့်ပေးရပြီဆိုတာနဲ့ ငွေသိန်းရာကျော်တယ် စုပေးရတာ”ဟု မရွေးကုန်းအုပ်စုရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
မရွေးကုန်းကျေးရွာအုပ်စုတွင် ကျေးရွာပေါင်း ငါးရွာရှိပြီး အုပ်စုအတွင်း ကျပ်ငွေ သိန်း ၁၂၀ ကျော်ကို ကျေးရွာရှိ ဒေသခံများကစုဆောင်း၍ ကျေးရွာအုပ်ချုပ်ရေးမှူးထံ ပေးဆောင်းနေကြရပြီး ငွေတောင်းယူသည့်အကြိမ်ရေမှာ များလာသည်ဟု ဒေသခံများကပြောသည်။
ဧရာဝတီတိုင်းရှိ မြို့နယ်အများစုတွင် စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးများက ပြည်သူ့စစ်မှုထမ်း လူစားထိုးဝယ်ယူရန်ဟုဆိုကာ ငွေးကြေးများ အဆမတန်တောင်းယူနေသော်လည်း အမှန်တကယ် ပြည်သူ့စစ်မှုထမ်းသို့ပို့ဆောင်ခံရသူများမှာ ငွေကြေးများမရကြောင်း ပြည်သူ့စစ်မှုထမ်းတစ်ဦး၏ မိသားစုဝင်များကပြောသည်။
ဧရာဝတီတိုင်းအတွင်း ၂၆ မြို့နယ်ရှိပြီး စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးအများစုမှာ ကျေးရွာပြည်သူ့စစ်၊ ပြည်သူ့စစ်မှုထမ်းများအတွက် ထောက်ပံ့ရန်နှင့် လူများဝယ်ယူရန်ဟုဆိုကာ အကြောင်းအမျိုးမျိုးပြပြီး လက်ရှိအချိန်ထိ ငွေတောင်းယူလျက်ရှိကြောင်း ဧရာဝတီတိုင်းမ်က စုံစမ်းသိရသည်။
 
                                             
                                             
                                            